ရည်းစားဖြစ်တာကြာမှ စိတ်ပျက်လာတာမျိုးတွေရှိတာ မဟုတ်ပါဘူး။ တချို့ဆိုရင် ရည်းစားမဖြစ်ခင်မှာထဲက စိတ်ပျက်သွားတာမျိုးတွေလည်း ရှိပါတယ်။ ဒီလူကို ကိုယ်တကယ်ကြိုက်နေပြီဆိုရင်တော့ ရည်းစားမဖြစ်ခင်မှာ စိတ်ပျက်သွားအောင် မလုပ်သင့်ပါဘူး။ ဒီတော့ ရှောင်လို့ရအောင် ရည်းစားမဖြစ်ခင်မှာပဲ စိတ်ပျက်သွားနိုင်တဲ့ အပြုအမူတွေကို ပြောပြပေးလိုက်ပါတယ်။

အရမ်းချုပ်ချယ်ခြင်း

ရည်းစားဖြစ်ပြီးမှ ချုပ်ချယ်ခံရရင်တောင် ကြာလာရင် မွန်းကြပ်ပြီး စိတ်ကုန်လာတာကို ရည်းစားတောင်မဖြစ်သေးပဲ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့၊ ငါပြောသလိုနေဆိုတဲ့ ပုံစံမျိုးနဲ့ အရာရာကို သွားချုပ်ချယ်ပြီး ဝင်ရောက်စွက်ဖက်နေမယ်ဆိုရင်တော့ ရည်းစားမဖြစ်ခင်မှာပဲ စိတ်ကုန်သွားပါလိမ့်မယ်။

အရမ်းရစ်ခြင်း

ရည်းစားမဖြစ်ခင် လေ့လာနေဆဲ အခြေအနေတွေမှာ ကြည်နူးနေရမယ့်အစား တချိန်လုံး သွားရစ်ပြီး ပြဿနာတွေရှာနေမယ်ဆိုရင်တော့ ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရည်းစားတောင်မဖြစ်သေးပဲ ဒီလိုတွေလာလုပ်နေတယ်၊ ရည်းစားဖြစ်ရင် ပိုတောင်ဆိုးအုံးမယ်ဆိုတဲ့ အတွေးတွေဝင်ပြီး ကိုယ့်ကို စိတ်ပျက်သွားမှာ သေချာပါတယ်။

ရှုပ်ထွေးပွေလီနေခြင်း

ရည်းစားမဖြစ်ခင်က လူလွတ် single ပဲမို့ လွတ်လပ်စွာနေလို့ရတာ မှန်ပေမယ့်လည်း ဒီတစ်ယောက်နဲ့ ရည်းစားဖြစ်တော့မယ့် အခြေအနေမျိုး ရောက်နေပြီဆိုရင်တော့ နည်းနည်းဆင်ခြင်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဒီတစ်ယောက်နဲ့လည်း ရည်းစားဖြစ်တော့မယ်၊ ကျန်တဲ့သူနဲ့လည်း ရှုပ်ထွေးပွေလီနေသေးတယ်ဆိုရင်တော့ တစ်ဖက်လူက စိတ်ပျက်သွားပါလိမ့်မယ်။

စကားကိုရင့်သီးစွာပြောပြီးရိုင်းစိုင်းခြင်း

ရည်းစားမဖြစ်သေးခင်မှာ ဒီလူက ကိုယ့်အပိုင်မဟုတ်ပါဘူး။ ဒါကြောင့် စကားအပြောအဆို ရင့်သီးတာမျိုး၊ ရိုင်းစိုင်းစွာပြောပြီး စိတ်တိုဒေါသထွက်တိုင်း လာဆဲနေတာမျိုးတွေကို ရှောင်သင့်ပါတယ်။ တကယ်တော့ ရည်းစားတွေဖြစ်ပြီး ကိုယ့်အပိုင်ဖြစ်သွားရင်တော့ ရိုင်းစိုင်းဆဲဆိုနေတာမျိုးတွေကို ဆင်ခြင်သင့်တာပါ။ ရည်းစားမဖြစ်ခင်မှာထဲက လုပ်နေပြီဆိုရင်တော့ တစ်ဖက်လူက စိတ်ပျက်သွားနိုင်ပါတယ်။