အရမ်းချစ်မိသွားတဲ့အခါမှာ ကိုယ့်အတွက်မကောင်းတဲ့ နာကျင်ရတဲ့ toxic relationship ကိုတောင် လက်မလွှတ်နိုင်ပဲ ဖက်တွယ်ထားတတ်ကြပါတယ်။ ဖက်တွယ်ထားလေ နာကျင်ရလေဖြစ်မှာက ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲချစ်ချစ် အရမ်းနာကျင်လာရင် ရုန်းထွက်သင့်ပါတယ်။ ရုန်းထွက်ဖို့ခက်ခဲနေရင်လည်း ကြိုးစားကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဒါကြောင့် အရမ်းချစ်ခဲ့ရတဲ့ toxic relationship ကနေ ရုန်းထွက်နိုင်ဖို့အတွက် ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဆုံးဖြတ်ချက်အရင်ချပါ

ကိုယ်ဘယ်လောက် နာကျင်နေရပြီလဲ၊ ဘယ်လောက်ခံစားနေရပြီလဲ၊ ပျော်ရွှင်နေရလားဆိုတာကို ပြန်ကြည့်ပါ။ ဆက်ပြီး ဖက်တွယ်ထားရင် အရင်လိုပြန်ပြီး ပျော်ရွှင်နိုင်မှာလားဆိုတာကို သေချာစဉ်းစားပါ။ မဖြစ်နိုင်တော့ဘူးဆိုတာကို ကိုယ်တိုင်လည်း သိနေပြီ၊ ကိုယ်လည်းနာကျင်နေရပြီဆိုရင် ဆက်ပြီး ပင်ပန်းမခံပါနဲ့တော့။ ငါ ဒီ toxic relationship ကြီးကို လက်လွှတ်လိုက်တော့မယ်၊ ရုန်းထွက်လိုက်တော့မယ်လို့သာ ဆုံးဖြတ်ချက်ချလိုက်ပါ။ ခံစားရရင်လည်း အချိန်တစ်ခုအထိပဲ ခံစားရမှာမို့ ကြိုးစားကြည့်ပါ။ အချိန်တန်ရင် အဆင်ပြေသွားပြီး ပျော်ရွှင်ရပါလိမ့်မယ်။

ပျော်ရွှင်မှုကိုစတင်ရှာဖွေပါ

အချိန်ရှိတိုင်း ဒီအကြောင်းအရာတွေကိုပဲ တွေးနေမယ့်အစား ကိုယ်ပျော်ရွှင်ရမယ့် အရာလေးတွေကို ရှာဖွေပြီး လုပ်ကြည့်ပါ။ ကိုယ့်မှာ ပျော်ရွှင်မှုလေးတွေ ရှိလာတဲ့အခါ အဲ့အရာတွေကို ခုန်မင်လာပါလိမ့်မယ်။ ပျော်ရွှင်ရတဲ့အတွက် ဒါကိုပဲ လုပ်ချင်လာပါလိမ့်မယ်။ ကိုယ်ပျော်ရွှင်ဖို့ကိုပဲ ပိုပြီးမက်မောလာမယ်၊ ပိုပြီးဦးစားပေးတတ်လာပါလိမ့်မယ်။

မအားအောင်နေပါ

အားနေရင် လုပ်စရာမရှိတော့ ဟိုတွေးဒီတွေးနဲ့ လျှောက်တွေးပြီး ပိုဝမ်းနည်းရ၊ နာကျင်ရနဲ့ ဖြစ်နေတာပါပဲ။ တွေးမိလေ မမေ့နိုင်လေ၊ စွန့်လွှတ်ဖို့ခက်လေ၊ ရုန်းထွက်ဖို့ ခက်ခဲလေ ဖြစ်နေမှာပါ။ ဒါကြောင့် မအားအောင်နေပါ။ အလုပ်ရှုပ်အောင်နေပါ။ ဒါဆိုရင် ဒီအကြောင်းအရာတွေကို တွေးပြီး ဝမ်းနည်းဖို့နေနေသာသာ ခေါင်းထဲထည့်ချိန်တောင် ရှိတော့မှာမဟုတ်ပါဘူး။

စတင်ဖျက်ဆီးပါ

အရမ်းချစ်နေလည်း မဖြစ်နိုင်တော့ရင်တော့ မေ့ပစ်ဖို့၊ ပြတ်ဆဲနိုင်ဖို့ ကြိုးစားရုံပဲ ရှိပါတော့တယ်။ ဒါကြောင့် ခံစားသင့်သလောက်ခံစားပြီး ဝမ်းနည်းငိုကြွေးပြီးပြီဆိုရင် မေ့ပစ်နိုင်အောင် ကြိုးစားပါတော့။ သူနဲ့ပတ်သက်သမျှ အရာအားလုံး သေးသေးလေးကအစ ဘာမှမရှိတော့အောင် ဖျက်ဆီးပစ်ပါ။ တွေ့နေမြင်နေရင် မေ့နိုင်မှာမဟုတ်ပါဘူး။ မြင်တိုင်းသတိရပြီး ရုန်းထွက်ဖို့ ခက်နေမှာပါ။ ဒါကြောင့် ပတ်သက်သမျှအရာ အားလုံးကိုသာ စတင်ဖျက်ဆီးလိုက်ပါ။ ဒီလိုနဲ့ပဲ ခံစားရတာတွေ လျော့လာပြီး အဆင်ပြေလာမယ်၊ ပျော်ရွှင်ရတဲ့နေ့ရက်တွေ ပြန်လည်ရရှိလာပါလိမ့်မယ်။