အပြင်သွားစရာမလိုလို့ အိမ်မှာနေရတဲ့အချိန်တွေမှာပဲဖြစ်ဖြစ်၊ အားနေလို့ အိမ်မှာနေရတဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် စားလိုက်၊ အိပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ Facebook သုံးလိုက်နဲ့ အချိန်ကုန်နေတာက ကိုယ့်အတွက် ဘာမှ အကျိုးမရှိစေပါဘူး။ ကြာရင် ပျင်းသွားပြီး လှုပ်ရှားမှုသိပ်မရှိတော့ ဝိတ်တက်၊ အဆီတက်စေပါသေးတယ်။ ဒါကြောင့် အထူးသဖြင့် မိန်းကလေးတွေအတွက် အိမ်မှာနေတဲ့အချိန် အကျိုးရှိအောင်လုပ်လို့ရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဝါသနာပါတာ တစ်ခုခုချက်ပြုတ်ပါ

ဟင်းချက်ဝါသနာပါရင် ဟင်းချက်နည်းတွေ သင်ယူပြီး ဟင်းချက်ပါ။ တစ်ခုပြီးတစ်ခု သေချာချက်တတ်ရင် Facebook ကနေ ထမင်းဘူးလုပ် ရောင်းလို့တောင် ရပါတယ်။ ဒီလိုချက်ပြုတ်ရတာ ဝါသနာမပါရင်လည်း မုန့်လုပ်နည်းတစ်ခုခု လေ့လာသင်ယူပြီး လွယ်တာလေးတွေကို လုပ်ကြည့်ပါ။ အဆင်ပြေရင် တစ်နိုင်တစ်ပိုင်လေး Facebook ကနေ စမ်းရောင်းကြည့်လို့ ရပါတယ်။ သေချာလုပ်ချင်စိတ်ရှိရင် စီးပွားရေးအတွက်တောင် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာလို့ရပါတယ်နော်။

စာများများဖတ်ပါ

စာများများဖတ်တဲ့ မိန်းကလေးက သူများနဲ့ မတူပါဘူး။ အတွေးအခေါ်အယူအစ၊ စကားပြောပုံဆိုပုံကအစ အရမ်းကွာပါတယ်။ ဗဟုသုတလည်း ကြွယ်ဝပါတယ်။ ဒါကြောင့် အားနေရင် ဂိမ်းဆော့မယ့်အစား၊ ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ထိုင်ကြည့်နေမယ့်အစား စာများများဖတ်ပေးတာက ပိုအကျိုးရှိစေပါတယ်။

လေ့ကျင့်ခန်းအမြဲလုပ်ပါ

လေ့ကျင့်ခန်းကို လုပ်နေကျမဟုတ်တဲ့သူဆိုရင် အိမ်မှနေရတဲ့အချိန်ကစပြီး လုပ်ကြည့်ပါ။ ကိုယ်လိုချင်တဲ့ Body Target ထားပြီး တစ်စိုက်မတ်မတ် ကြိုးစားလုပ်ကြည့်ပါ။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်လည်း လှပစေပါတယ်။

ဗဟုသုတရစေမယ့်အရာတွေကိုလေ့လာပါ

ပျင်းနေရင် Youtube ကနေပဲဖြစ်ဖြစ်၊ Google ကနေပဲဖြစ်ဖြစ် ဗဟုသုတရစေမယ့်အရာတွေကို ရှာပြီး လေ့လာပါ။ ကိုယ်မသိတာတွေ သိရတဲ့အခါ ကိုယ့်အတွက် အများကြီး အကျိုးရှိစေပါတယ်။

သင်တန်းတက်ပါ

အပြင်မသွားပဲ Online Class တွေ တက်လို့ရသလို၊ ကိုယ့်ဘာသာကိုယ် လေ့လာလို့လည်း ရပါတယ်။ ကိုယ်ဝါသနာပါရာတစ်ခုခုပေါ့။ ဘာသာစကားပဲဖြစ်ဖြစ်၊ အခြားတစ်ခုခုပဲဖြစ်ဖြစ် သေချာလုပ်ကြည့်ပါ။ လိုချင်စိတ်၊ ကြိုးစားချင်စိတ်ရှိရင် သင်တန်းမတက်ပဲ ကိုယ့်ဘာသာ ကိုယ် လေ့လာရင်တောင် ရပါတယ်။

photo source: www.freepik.com