ရန်ဖြစ်စကားများကြတဲ့အချိန်ဆိုရင် စိတ်တိုဒေါသထွက်ပြီး မစဉ်းစားမဆင်ခြင်ပဲ လုပ်တတ်ကြပါတယ်။ စိတ်ပြေသွားမှ နောင်တရပြီး စိတ်မကောင်းဖြစ်တတ်ကြတာပါ။ ဒါကြောင့် အစထဲက လွန်တာ၊ မှားတာ၊ နောင်တရစရာဖြစ်တာမျိုး မရှိအောင် စုံတွဲတွေအနေနဲ့ ရန်ဖြစ်တိုင်းမှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လမ်းခွဲစကားပြောခြင်း

ရန်ဖြစ်တိုင်း လမ်းခွဲစကားပြောရင် ကြာလာတဲ့အခါ တစ်ဖက်လူက သူကငါမရှိလည်းဖြစ်တာပဲ၊ ငါနဲ့ပြတ်နိုင်နေတာပဲ၊ ငါနဲ့မတွဲချင်တော့တာပဲလို့ ထင်သွားပြီး တကယ်လမ်းခွဲလိုက်တာမျိုး ဖြစ်သွားပါလိမ့်မယ်။

တချို့ကျတော့ ရန်ဖြစ်တိုင်း လမ်းခွဲစကား အပြောခံနေရတော့ ကြာလာရင်ရိုးသွားပြီး ကိုယ်ဘယ်လောက်ပြောပြော ကြောက်တော့မှာမဟုတ်သလို၊ ကိုယ်ပြောနေရင်လည်း ခံစားရတော့မှာ မဟုတ်ပါဘူး။ ရန်ဖြစ်တိုင်းဒီစကားပြောတယ် ပြီးရင်လည်း ပြန်တည့်တာပဲဆိုပြီး ချော့မှာတောင် မဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်ဘက်က တကယ်မပြတ်နိုင်ပဲ လမ်းခွဲစကားကို လွယ်လွယ်မပြောပါနဲ့။

အတိတ်ကအကြောင်းအရာတွေပြန်အစဖော်ခြင်း

ရန်ဖြစ်တဲ့ပြဿနာကို ပိုကြီးသွားစေတာကတော့ အတိတ်ကအကြောင်းအရာတွေကို ပြန်အစဖော်ပြီး အနာဟောင်းတွေကို ပြန်ဆွတာ၊ မခံချင်အောင် ပြန်ပြောတာတွေပါပဲ။ ဒီလိုပြီးခဲ့တာတွေကို ရန်ဖြစ်တိုင်းသာ ပြန်ပြောနေမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ပြဿနာက ပိုကြီးသွားမယ့်အပြင် အပြောခံရတဲ့ တစ်ဖက်လူကလည်း ကြာရင် စိတ်ပျက်လာပါလိမ့်မယ်။

ကိုယ်ထိလက်ရောက်လုပ်နာကျင်အောင်လုပ်ခြင်း

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရန်ဖြစ်ပြီး အရမ်းစိတ်တို ဒေါသထွက်လာရင်တောင်မှ ကိုယ့်ချစ်သူကို ကိုယ်ထိလက်ရောက် နာကျင်အောင် လုံးဝမလုပ်သင့်ပါဘူး။ ရန်ဖြစ်တိုင်း လက်ပါတတ်တဲ့သူကိုလည်း ကြာရင်ဘယ်သူ့မှ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ရန်ဖြစ်ရင်လက်ပါတာမျိုးက လုံးဝကိုမကောင်းတဲ့ အကျင့်ပါပဲ။

Facebook ပေါ်တင်ပြီး အရှက်ခွဲခြင်း

ရည်းစားနဲ့ရန်ဖြစ်စကားများတိုင်း facebook ပေါ်တင်ပြီး ကိုယ့်ချစ်သူကို အရှက်ခွဲတာတွေ၊ မကောင်းပြောတာတွေက ကိုယ်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ။ ပြီးရင်လည်း ပြန်တည့်ပြီး ဆက်တွဲကြမှာကို ရန်ဖြစ်တိုင်းတင်နေရင် ကိုယ့်အကြောင်း သူများသိတာပဲ ရှိပါတယ်။ ကိုယ့်အတွက်လည်းမကောင်းသလို၊ ကိုယ့်ချစ်သူအတွက်လည်း ဘာတစ်ခုမှ ကောင်းတာမရှိပါဘူး။