အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကိုက ပုံမှန်လျှော်ပေးလဲပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ အိပ်ယာခင်းကို တစ်လ တစ်ကြိမ် (သို့) နှစ်ကြိမ် လဲပေးပြီး ခေါင်းအုံးစွပ်တွေကိုတော့ တစ်ပတ်တစ်ကြိမ် ပုံမှန်လဲပေးသင့်ပါတယ်။ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်တဲ့အခါ၊ မလဲပဲထားတဲ့အခါမှာတော့ ဒီအရာတွေ ဖြစ်လာပါလိမ့်မယ်။

ဝက်ခြံထွက်ပြီးယားယံခြင်း

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို မလျှော်ပဲမလဲပဲထားပြီး ဆက်သုံးနေမယ်ဆိုရင်တော့ မျက်နှာမှာ ဝက်ခြံတွေထွက်လာပြီး အရေပြားနီမြန်းတာ၊ ယားယံတာတွေ ဖြစ်လာပါလိမ့်မယ်။ အိပ်ယာခင်းမှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်နေပြီး ခေါင်းအုံးစွပ်မှာက အညစ်အကြေးတွေ၊ မျက်နှာနဲ့ဆံပင်က အဆီတွေကပ်ပြီး ဝက်ခြံတွေထွက်တာပါပဲ။

အလက်ဂျစ်ဖြစ်ခြင်း

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ပဲ အကြာကြီးသုံးနေတဲ့အခါမှာတော့ ဖုန်နဲ့ အညစ်အကြေးတွေကပ်ပြီး နှာခေါင်းကရှူမိမယ်၊ ပြီးရင် နှာချေတာ၊ နှာခေါင်းယားတာတွေဖြစ်ပြီး အရေပြားယားယံတာ၊ အလက်ဂျစ်ထတာတွေပါ ဖြစ်လာပါလိမ့်မယ်။ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေက မသန့်ရှင်းရင် ကြာလာတဲ့အခါ asthma အထိ ဖြစ်လာနိုင်လို့ မပေါ့ဆသင့်ပါဘူး။

ခေါင်းယားခြင်း၊ ဦးရေပြားယားခြင်း

အထူးသဖြင့် ခေါင်းအုံးစွပ်တွေကို မလျှော်ပဲအကြာကြီးဆက်သုံးနေတာ၊ ပုံမှန်မလဲပေးတာက ခေါင်းယားတာ၊ ဦးရေပြားယားတာတာတွေ ဖြစ်လာပြီး ဗောက်ထတာတွေပါ ဖြစ်လာတတ်ပါတယ်။ ခေါင်းလျှော်ပြီးလည်း မလျှော်ထားတဲ့ဒီခေါင်းအုံးစွပ်နဲ့ပဲ ဆက်သုံးနေတော့ အညစ်အကြေးတွေက ဆံသားနဲ့ ဦးရေပြားကို ပြန်ကပ်တာပါပဲ။

အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေခြင်း

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလဲပေးရင်၊ မလျှော်ပဲသုံးနေရင် အပေါ်မှာပြောခဲ့သလို အရေပြားယားယံတာ၊ အကောင်ကိုက်သလိုတွေ ခံစားရပြီး အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အနံ့အသက်လည်း မကောင်းတဲ့အတွက် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ကောင်းကောင်းအိပ်မပျော်တော့ပါဘူး။ ဒါကြောင့် အိပ်ယာနဲ့ အိပ်ခန်း သန့်ရှင်းဖို့ကလည်း အရမ်းအရေးကြီးပါတယ်။