ခဏခဏရန်ဖြစ်တတ်တဲ့အတွဲတွေက ထစ်ခနဲရှိ ပြတ်တတ်ကြပါတယ်။ အပြီးပြတ်တာမျိုးလည်း မဟုတ်ပဲ စကားများရန်ဖြစ်ပြီး ပြတ်ကြတယ်၊ တစ်ပတ်၊ ၁၀ ရက်လောက် ပြတ်ကြတာမျိုးတွေ များပါတယ်။ အရမ်းခံစားတတ်ကြတဲ့သူတွေကျတော့ ဒီလိုရက်တိုလေးပြတ်တာတောင်မှ နေရတာအဆင်မပြေပါဘူး။ စိတ်ပင်ပန်းပြီး ခံစားရပါတယ်။

ဒါကြောင့် ရည်းစားနဲ့ ခဏပြတ်နေတဲ့အချိန်မှာ စိတ်သက်သာရာရအောင် လုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

သူငယ်ချင်းတွေနဲ့အပြင်သွားပါ

ရည်းစားနဲ့ပြတ်နေတဲ့အချိန်ခဏမှာ အိမ်ထဲအောင်းမနေပါနဲ့။ ဟိုတွေး၊ ဒီတွေးနဲ့ ပိုစိတ်ညစ်ပြီး ဝမ်းနည်းလာပါလိမ့်မယ်။ ဒါကြောင့် သူငယ်ချင်းတွေဒိတ်ပါ၊ အပြင်သွားပါ။ ဒါဆိုရင် စိတ်သက်သာရာရပြီး ဒီအကြောင်းအရာတွေကိုလည်း တွေးမိတော့မှာမဟုတ်ပါဘူး။

ရုပ်ရှင်များများကြည့်ပါ

အိမ်မှာနေဖြစ်တဲ့အချိန်တွေမှာဆိုရင် ရုပ်ရှင်တွေရှာပြီး များများကြည့်ပါ။ ရုပ်ရှင်ကြည့်နေရင် အဲ့ထဲကိုစိတ်ရောက်ပြီး တခြားအကြောင်းအရာတွေ သိပ်မတွေးဖြစ်တော့လို့ စိတ်သက်သာရာရပြီး နေရတာလည်း အဆင်ပြေသွားပါလိမ့်မယ်။

မတွေးမိအောင်နေပါ

ဒါကအရေးအကြီးဆုံးပါပဲ။ တွေးနေမိရင်တော့ ပြန်တွေးတိုင်းမှာ ခံစားရမယ်၊ ဝမ်းနည်းရမယ်၊ သံသယတွေပိုပွားလာမှာပါပဲ။ ဒါကြောင့် ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်တာမျိုး မလုပ်ပါနဲ့။ အတွေးထဲရောက်လာပြီဆိုတာနဲ့ တခြားအရာတစ်ခုကို အာရုံပြောင်းပြီး လုပ်နေလိုက်ပါ။

အရသာရှိတာတွေများများစားပါ

အရမ်းခံစားတတ်တဲ့သူတွေဆိုရင် ရည်းစားနဲ့ပြတ်တာနဲ့ ဝမ်းနည်းပြီး ငိုတတ်ကြတယ်။ အစာစားချင်စိတ်မရှိလို့ မစားမသောက်ပဲနေတယ်၊ အိပ်ယာထဲပဲ ခွေခေါက်နေတတ်ပါတယ်။ ဒီလိုတွေလုပ်ရင် ရင်တုန်ပြီး ခေါင်းမူးတာတွေဖြစ်လာလို့ စိတ်ခံစားချက်လည်း ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် အရသာရှိတာတွေ များများစားပါ။ အရသာရှိတာတွေစားရရင် စိတ်ပျော်ရွှင်ရပါတယ်။ ဗိုက်ပြည့်နေရင် လူကနေလို့ပိုကောင်းပါတယ်။

ကိုယ်လုပ်ချင်စိတ်ရှိတာကိုလုပ်ပါ

ရည်းစားနဲ့ပြတ်နေလို့ ထိုင်ညစ်နေမယ့်အစား၊ ထိုင်တွေးပြီးငိုနေမယ့်အစား အခုကိုယ်ဘာလုပ်ချင်လဲဆိုတာကို စဉ်းစားလိုက်ပါ။ အဝတ်အစားဝယ်ချင်တယ်ဆို ထွက်ဝယ်လိုက်ပါ။ အလှအပနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်တယ်ဆိုလည်း လုပ်လိုက်ပါ။ Spa သွားတာ၊ ဆံပင်ပုံပြောင်းတာတွေ လုပ်ချင်လုပ်လိုက်ပါ။ အဓိကက ကိုယ်လုပ်ချင်စိတ်ရှိနေတာကို ထလုပ်လိုက်ရရင် စိတ်သက်သာရာရစေတယ်၊ စိတ်ကျေနပ်မှုရစေပါတယ်။