ကိုယ့်ချစ်သူနဲ့ လမ်းခွဲလိုက်တာမျိုးမဟုတ်ပဲ ခဏတာ ရန်ဖြစ်ထားတာဆိုရင် အချိန်တန် ပြန်ပြေလည်သွားတာပါပဲ။ အဲ့လိုအချိန်မှာ မစဉ်းစားမဆင်ခြင်ပဲ လျှောက်လုပ်မိမှ တကယ်လမ်းခွဲတဲ့အဆင့်ထိ ရောက်သွားတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်ထားတဲ့အချိန်မှာ မပို့မိအောင်ဆင်ခြင်သင့်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။
မကျေနပ်ချက်တွေစုပြုံပြီးမပို့ပါနဲ့
တော်တော်များများ လုပ်လေ့ရှိတဲ့အရာက ရန်ဖြစ်ပြီဆိုရင် မကျေနပ်ချက်တွေကို အကုန်တန်းစီပြောတော့တာပါပဲ။ သူများမဖတ်ချင်လောက်အောင် ဆက်တိုက်တွေပို့၊ စာအရှည်ကြီးတွေပို့ပြီး ပြဿနာထပ်ရှာတာပါ။ ရန်ဖြစ်နေတဲ့အချိန်မှာ အဲ့လိုမကျေနပ်ချက်တွေကို ထပ်ထပ်ပြောနေတော့လည်း ပြဿနာတွေ ထပ်တိုးပြီး အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။
ဖြစ်ပြီးသားတွေအစပြန်မဖော်ပါနဲ့
စုံတွဲအများစုလုပ်လေ့ရှိတဲ့ နောက်တစ်ခုကတော့ ရန်ဖြစ်တိုင်းမှာ ဖြစ်ပြီးသားကိစ္စတွေကို ပြန်အစဖော်တာပါပဲ။ အခုတောင်ပြဿနာတက်နေတာကို အရင်ဟာတွေပါ ပြန်အစဖော်ပြီး ပြောဆိုနေတော့ နားထောင်ရတဲ့သူလည်း စိတ်ညစ်တယ်၊ ကိုယ်လည်း ပိုပြီး စိတ်ပင်ပန်းရပါတယ်။ ရန်ဖြစ်တိုင်းသာ အရင်ဟာတွေ၊ ဖြစ်ပြီးသားတွေကို အစဖော်ပြီး အဟောင်းက အသစ်ပြန်ဖြစ်နေမယ်ဆိုရင် ရေရှည်မှာ ငြီးငွေ့စရာ၊ စိတ်ပျက်စရာ ကောင်းလာပါလိမ့်မယ်။
ကြမ်းတမ်းတဲ့စကားတွေ၊ ဆဲဆိုတာတွေမပို့ပါနဲ့
စုံတွဲတွေရန်ဖြစ်တယ်ဆိုတာက သဘာဝပါပဲ။ အဲ့တာကိုမှ ရန်ဖြစ်တိုင်း ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ ဒေါသထွက်ပြီး ကြမ်းတမ်းတဲ့စကားတွေပို့မယ်၊ ဆဲဆိုနေမယ်ဆိုရင်တော့ တစ်ဖက်လူလည်း စိတ်ဒဏ်ရာရမယ်၊ ရေရှည်မှာလည်း အဆင်မပြေနိုင်ပါဘူး။ နောက်တစ်ခုကတော့ ခြိမ်းခြောက်ပြောဆိုတာတွေ မလုပ်ပါနဲ့။
လမ်းခွဲစကားတွေမပို့ပါနဲ့
စုံတွဲအများစု လုပ်လေ့ရှိကြတဲ့ နောက်ဆုံးတစ်ခုကတော့ ရန်ဖြစ်တိုင်း လမ်းခွဲစကားပြောကြတာပါပဲ။ ရန်ဖြစ်တိုင်း လမ်းခွဲစကားပြောနေရင် စစချင်းတော့ ကြောက်ပြီး ပြန်ချော့မယ်၊ ဆင်ခြင်မယ်၊ ဒါပေမယ့် ကြာလာတော့ ရန်ဖြစ်တိုင်းပြောနေတာပဲဆိုပြီး ရိုးသွားမယ်၊ လမ်းခွဲစကားပြောလည်း ဂရုမစိုက်တော့ပါဘူး။ တစ်ချို့ကျတော့လည်း ရန်ဖြစ်တိုင်း လမ်းခွဲစကားပြောနေတော့ သူကငါမရှိလည်း ဖြစ်တာပဲဆိုပြီး ကိုယ့်ကိုတကယ်လမ်းခွဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တကယ်မပြတ်နိုင်ပဲ မပြောသင့်ပါဘူး။