စိတ်ညစ်တယ်၊ စိတ်ချမ်းသာတယ်ဆိုတာက ကိုယ့်စိတ်၊ ကိုယ့်ခံယူချက်တွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ လူတိုင်းက ပျော်ချင်တယ်၊ စိတ်ချမ်းသာချင်တယ်၊ စိတ်ညစ်စရာတွေ မလိုချင်ကြပါဘူး။ ဒါပေမယ့် အရာရာကိုလိုက်ခံစား၊ လိုက်တွေးပြီး ခေါင်းထဲထည့်နေရင်တော့ ခဏခဏစိတ်ညစ်ရမှာ၊ ပူလောင်ရမှာပါပဲ။ ဒါကြောင့် ကိုယ့်စိတ်ကို သေချာ Control လုပ်ပြီး ပြုပြင်ပြောင်းလဲနိုင်ရင် အနည်းဆုံး ၅၀% ရာခိုင်နှုန်း လောက်ကတော့ အရင်ထက် ပိုအဆင်ပြေလာပါလိမ့်မယ်။

ဘဝမှာ စိတ်ညစ်စရာတွေနည်းအောင်နေနိုင်မယ့် နည်းလမ်းတချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်။

သူများပြောသမျှကို လိုက်ခံစားပြီး ခေါင်းထဲထည့်မနေပါနဲ့။ ကိုယ့်ဘဝနဲ့ကိုယ်မို့ ဘယ်သူဘာပြောပြော ခေါင်းထဲထည့်နေစရာ၊ ခံစားနေစရာ မလိုပါဘူး။ ပေါ့ပေါ့ပါးပါးပဲနေပါ။ အများကြီးမတွေးပါနဲ့။ အရမ်းတွေးလေ စိတ်ညစ်စရာတွေပေါ်လာလေ ဖြစ်မှာပါ။ အဓိကကတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် Psycho တွေ အလိုလိုဝင်လာပါလိမ့်မယ်။

တချို့ဆို မဖြစ်သေးတဲ့အရာတွေကိုပါ ကြိုတွေးပြီး စိတ်ညစ်နေကြတယ်။ ဒါကိုယ့်ကိုယ်ကို ပြန်ဒုက္ခပေးနေတာနဲ့ တူတူပါပဲ။ မဖြစ်သေးတာကိုကြိုတွေးနေရင် ပျော်စရာရှိရင်တောင် အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။ ပြီးခဲ့တာတွေကိုလည်း ပြန်တွေးပြီး ဝမ်းနည်း ဒေါသထွက်မနေပါနဲ့တော့။ ပြီးခဲ့တာတွေကိုလည်း မေ့ပစ်လိုက်ပါ။ မဖြစ်သေးတာကိုလည်း ကြိုတွေးမနေပါနဲ့။ လက်ရှိမှာပဲ ပျော်အောင်၊ စိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့စိတ်ကို ထည့်ထားပါ။

အသည်းကွဲရင်လည်း ခဏပဲခံစားဝမ်းနည်းပါ။ ဖူးစာမပါလို့လွဲတယ်လို့ပဲ မှတ်ယူလိုက်ပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်သာ ပြန်လည် တည်ဆောက်ပြီး ကြိုးစားပါ။ ဒီတိုင်းနေရင်တော့ စိတ်ညစ်စရာက ပိုများလာပါလိမ့်မယ်။

ဖြစ်သင့်တာကိုတွေးပါ။ လုပ်သင့်တာကိုလုပ်ပါ။ ကိုယ့်ထက်မြင့်တဲ့သူတွေကိုကြည့်ပြီး အားကျရင် သူတို့လိုမဖြစ်နိုင်တောင်မှ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သူများကိုကြည့်ပြီး အားကျလိုက်တာဆိုပြီး ကိုယ့်ဘဝကို အလိုမကျတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ပူလောင်ပါတယ်။ ကိုယ့်မှာရှိသလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နိုင်တဲ့စိတ်ရှိရင် စိတ်ချမ်းသာရပါလိမ့်မယ်။

photo source: www.freepik.com