ကိုယ့်အပေါ်မချစ်တော့မှန်းသိရင် လမ်းခွဲလိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ မဟုတ်ရင်တော့ ကိုယ်ပဲစိတ်ဆင်းရဲပြီး ခံစားနေရမှာပါ။ လူတစ်ယောက်က ကိုယ့်အပေါ်မှာ မချစ်တော့ဘူးဆိုတာကို ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။

ရှောင်ဖယ်နေခြင်း

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်နဲ့နီးရဖို့၊ တွေ့ရဖို့ကို ကြိုးစားနေမှာပါ။ ဘယ်တော့မှ ရှောင်ဖယ်နေမှာမဟုတ်ပါဘူး။ ကိုယ့်အပေါ်မချစ်တော့ရင်တော့ အရင်နဲ့မတူပဲ သိသိသာသာကို ရှောင်ဖယ်လာပါလိမ့်မယ်။ တွေ့ဖို့ပြောရင် အကြောင်းပြချက်တွေပေးပြီး မတွေ့တာမျိုး၊ စကားပြောရင်လည်း ပြောချင်သလိုလို၊ မပြောချင်သလိုလို လုပ်နေတာမျိုးတွေပေါ့။

အချိန်မပေးတော့ခြင်း

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်ကို မချစ်တော့တဲ့သူဆိုရင် ကိုယ့်ကိုအချိန်ပေးတော့မှာ မဟုတ်ပါဘူး။ မအားတာမျိုးလည်းမဟုတ်ပဲ အားရဲ့သားနဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတွေ၊ တခြားသူတွေနဲ့ပဲ ပျော်ပါးနေပြီး ကိုယ့်အတွက်ဆိုရင်တော့ လုံးဝအချိန်မပေးတော့တာမျိုးတွေပါ။

အမြဲတမ်းပြဿနာရှာပြီးအပြစ်တင်နေခြင်း

ကိုယ်ဘာပြောပြော ထစ်ခနဲရှိ ပြဿနာရှာပြီး အပြစ်တင်ပြောဆိုနေတာ၊ ကိုယ့်ကိုစိတ်ကုန်ကြောင်း၊ စိတ်ပျက်လာကြောင်းတွေ ခဏခဏပြောနေတာ ဆိုရင်တော့ ကိုယ်နဲ့မတွဲချင်တော့လို့ပါပဲ။

ချစ်ခင်ကြင်နာမှုဘာမှမရှိတော့ခြင်း

ကိုယ်တွဲနေတဲ့သူတစ်ယောက်က အရင်နဲ့မတူတော့ပဲ ကိုယ့်အပေါ်ပြောင်းလဲလာရင် သူငါ့ကိုမချစ်တော့တာလားဆိုပြီး တွေးမိကြမှာပါ။ ကိုယ့်ကိုချစ်တဲ့သူဆီကနေတော့ ချစ်ခင်ကြင်နာမှုဆိုတာ အမြဲရနေမှာပါ။ ကိုယ့်အပေါ်မှာ ဘာချစ်ခင်ကြင်နာမှုမှမရှိတော့ဘူးဆိုရင်တော့ ကိုယ့်ကိုမချစ်တော့ပဲ ပြောင်းလဲသွားလို့ပါ။

တခြားသူတွေနဲ့ပိုပျော်ပါးနေခြင်း

ကိုယ့်ကိုမချစ်တော့တဲ့သူ၊ ကိုယ်နဲ့မတွဲချင်တော့တဲ့သူက ကိုယ်နဲ့နေရရင် စိတ်ရှုပ်သလို၊ အာရုံနောက်သလို၊ စိတ်မပါသလိုတွေ လုပ်တတ်ပါတယ်။ ကိုယ်မဟုတ်တဲ့ တခြားသူတွေနဲ့ဆိုရင်တော့ ပိုပြီးပျော်ပါးနေတတ်ပါတယ်။