အခုခေတ်မှာ သူငယ်ချင်းယောင်ဆောင်တဲ့သူတွေ၊ အပြင်ပန်းမှာ အရမ်းခင်သလိုနဲ့ အတွင်းကောက်ပြီး ကိုယ့်ကို မနာလိုနေတဲ့သူမျိုးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ relationship နဲ့ပတ်သက်ပြီး မနာလိုစိတ်ရှိနေရင် သတိထားပါ။ ရည်းစားကို စနှိုက်ခံရတတ်ပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်းက သင့်ရဲ့ relationship နဲ့ပတ်သက်ပြီး မနာလိုဖြစ်နေတာ သိသာတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

သင့်ရည်းစားအထင်လွဲအောင်လုပ်ခြင်း

သင့်ရည်းစားဟောင်းအကြောင်းတွေ၊ သင်နဲ့ပတ်သက်ဖူးတဲ့သူတွေ အကြောင်းကို လက်ရှိသင့်ရည်းစားကို သွားပြောပြပြီး သူအထင်လွဲအောင်၊ စိတ်ဆိုးအောင် လုပ်ပါလိမ့်မယ်။ သင့်ရည်းစားအထင်လွဲအောင်လည်း အမြဲချောက်တွန်းတာမျိုး၊ ကြားထဲကနေ ခလောက်ဆန်တာမျိုးတွေ လုပ်နေပါလိမ့်မယ်။

သင့်ရည်းစားမကောင်းကြောင်းတွေပြောခြင်း

သင့်ကိုကျတော့ နင့်ရည်းစားက မကောင်းဘူး၊ နင်နဲ့မတန်ဘူးဆိုပြီး အမျိုးမျိုးပြောဆိုနေပါလိမ့်မယ်။ သင်အဆင်ပြေနေရင်၊ ပျော်နေရင် သင့် relationship နဲ့ပတ်သက်ပြီး မကောင်းတာတွေပဲ ပြောနေမယ်၊ စိတ်ညစ်အောင် တစ်ခုမဟုတ်တစ်ခု ပြောနေပါလိမ့်မယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးမကူညီခြင်း

သင့်အချစ်ရေးနဲ့ပတ်သက်ပြီး အကူအညီတောင်းလာတဲ့အခါမှာလည်း မကူညီပဲ ငြင်းပယ်တာ၊ ရှောင်ထွက်တာမျိုးတွေ လုပ်ပါလိမ့်မယ်။ တကယ်ချစ်တဲ့ခင်တဲ့ သူငယ်ချင်းဆိုရင် ဒါမျိုးလုပ်မှာမဟုတ်ပါဘူး။

သင့်ရည်းစားကိုအတင်းလိုက်ရောခြင်း

အဆိုးဆုံးကတော့ နောက်ကွယ်မှာ သင့်ရည်းစားကို အတင်းတွေလိုက်ရောပြီး စကားတွေလိုက်ပြောမယ်။ သင်တို့အတွဲရန်ဖြစ်ထားချိန်မှာ သင့်ကိုနှစ်သိမ့်ပေးရမယ့်အစား သင့်ရည်းစားကို အဆင့်ကျော်ပြီး သွားနှစ်သိမ့်ပေးမယ်။ သင်တို့အတွဲ ဘယ်သွားသွား အားနာမှုမရှိ၊ အလိုက်ကန်းဆိုးမသိပဲ အတင်းလိုက်နေမယ်ဆိုရင်တော့ သင့် relationship ကို မနာလိုဖြစ်တာထက် သင့်ရည်းစားအပေါ်မှာ မရိုးသားတဲ့စိတ် ရှိနေလို့ပါပဲ။

မကောင်းတဲ့အကြံဉာဏ်တွေပေးခြင်း

ဒီ relationship နဲ့ပတ်သက်ပြီး သင့်ဘက်က သူငယ်ချင်းအနေနဲ့ အကြံဉာဏ်တောင်းပြီး ရင်ဖွင့်လာတဲ့အခါမှာ မကောင်းတဲ့အကြံဉာဏ်တွေပေးပြီး ပြဿနာကို ပိုဆိုးသွားအောင် လုပ်ပါလိမ့်မယ်။ ဒီအချက်တွေ တော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သတိထားပြီး ဒီလိုသူငယ်ချင်းမျိုးကို ဝေးဝေးသာရှောင်ပါ။