ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ လှည့်စားနေပြီလားဆိုတာ သိသာစေမယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ အဓိကကတော့ သူလုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပြောပုံဆိုပုံ၊ အမူအယာ၊ အပြုအမူတွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကို မူမမှန်သလို ခံစားလာရတယ်ဆိုရင် သူကိုယ့်အပေါ် လှည့်စားနေပြီလားဆိုတာ သိနိုင်ဖို့ ဒီအချက်တွေနဲ့ စစ်ဆေးကြည့်လိုက်တော့နော်။

ပြောင်းလဲလာခြင်း

ချစ်သူက လှည့်စားနေတယ်ဆိုရင်တော့ သူ့ရဲ့လုပ်ရပ်တွေက တစ်ဖြေးဖြေးနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ပုံမှန်ပြောင်းလဲတာမျိုးမဟုတ်ပဲ အရာရာ ပြောင်းလဲလာတာမျိုးပါ။ ကိုယ်နဲ့တွဲနေတဲ့သူက လုပ်နေကျပုံစံတွေမလုပ်တော့ပဲ၊ လုပ်ပေးနေကျအရာတွေကို မလုပ်ပေးတော့ပဲ ပြောင်းလဲတာများလာရင် ကိုယ်တိုင်လည်း စိတ်ကသိနေပါလိမ့်မယ်။

စကားတွေရှေ့နောက်မညီတော့ခြင်း

ကိုယ့်အပေါ်မှာ လိမ်ညာလှည့်စားနေတဲ့သူနဲ့ စကားပြောရင် သူပြောတဲ့စကားတွေကို သေချာနားထောင်ကြည့်ရုံနဲ့ သိသာပါတယ်။ မေးခွန်းသာများများမေးပါ။ မေးခွန်းတွေမေးတာများလာလေ ပြောတာတွေက ရှေ့နောက်မညီပဲ လိမ်ထားတာတွေ ပေါ်လာတော့တာပါပဲ။ မေးပြီးသားလည်း ထပ်ထပ်ပြီးသာမေးပါ။ တစ်ခါနဲ့တစ်ခါ ပြောတာတွေမတူပဲ အလိမ်တွေပေါ်လာပါလိမ့်မယ်။

လျှို့ဝှက်ချက်တွေများလာခြင်း

သင့်အပေါ်မှာ လှည့်စားနေတာဆိုရင် သူ့မှာ လျှို့ဝှက်ချက်တွေ များလာပါလိမ့်မယ်။ အရင်လို တစ်ခုခုဆို သင့်ကိုပြောပြနေဖို့နေနေသာသာ မေးရင်တောင် မကြိုက်တော့ပဲ ရန်ပြန်လုပ်လာမယ်၊ ဘာမဟုတ်တာလေးကအစ စိတ်မရှည်တော့ပဲ ရန်ထလုပ်တာမျိုးတွေ ဖြစ်လာပါမယ်။ ဖုန်းနဲ့ပတ်သက်ရင်လည်း အရင်ကပြချင်ပြမယ်၊ နောက်ပိုင်း မပြတော့တာမျိုး၊ ဖုန်းယူကိုင်ရင်၊ တောင်းကြည့်ရင်၊ စစ်ရင် အရမ်းစိတ်ဆတ်ပြီး ရန်လုပ်တာမျိုး၊ မကြိုက်တာမျိုးတွေ ဖြစ်လာပါမယ်။

ရှောင်လာခြင်း

အရင်လို တွေ့နေကျရက်တွေမှာလည်း မတွေ့တော့ဘူး။ သင်ကတွေ့ချင်လို့ခေါ်ရင်တောင် အကြောင်းအမျိုးမျိုးပြပြီး ငြင်းလာမယ်၊ သူလာတွေ့နေကျဆိုလည်း မအားတာအကြောင်းပြလာမယ်၊ ပျက်ကွက်လာတွေများပြီး သင့်ကို ရှောင်သလိုဖြစ်လာမယ်။ ဖုန်းဆက်နေကျလည်း မဆက်တော့ပဲနေမယ်၊ စာပို့တာတွေလည်း အရင်နဲ့မတူပဲ တအားနည်းလာပါလိမ့်မယ်။