တစ်ခါတစ်လေကျရင် တစ်ယောက်ထဲနေဖို့ အချိန်လိုအပ်တာမျိုးတွေ ရှိပါတယ်။ သင့်အနေနဲ့ ဒီလိုအချက်တွေ ကြုံတွေ့နေရတယ်၊ ခံစားနေရတယ်ဆိုရင် သင့်အတွက် တစ်ယောက်ထဲနေဖို့ အချိန်လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အရမ်းစိတ်ပင်ပန်းပြီး စိုးရိမ်ကြောင့်ကြမှုများနေခြင်း

သင့်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အရမ်းစိတ်ပင်ပန်းလာရင်၊ အရာရာကို စိုးရိမ်ကြောင့်ကြမှုတွေများပြီး စိတ်ရောကိုယ်ပါ ပင်ပန်းလာပြီဆိုရင် အနားယူလိုက်ပါ။ အနားယူပြီး တစ်ယောက်ထဲနေဖို့ အချိန်ပေးပါ။ ကိုယ်စိတ်ပျော်စေမယ့်အရာလေးတွေ ရွေးလုပ်ကြည့်ပါ။ တော်တော်များများက စိတ်ဖိစီးမှုတွေများပြီး အရမ်းပင်ပန်းလာရင် ဘယ်သူနဲ့မှမတွေ့ပဲ တစ်ယောက်ထဲနေချင်ကြတာများပါတယ်။

အရမ်းစိတ်ဆတ်ပြီး အရာရာကိုအမြင်မကြည်ဖြစ်နေခြင်း

အရမ်းစိတ်ဆတ်ပြီး အရာရာကို အမြင်မကြည်ဖြစ်နေရင် တစ်ယောက်ထဲနေဖို့ အချိန်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ တကယ်လည်း သင့်အတွက် တစ်ယောက်ထဲနေဖို့ အချိန်လိုအပ်နေတာပါ။ အရမ်းစိတ်ဆတ်နေရင် ဘယ်သူဘာပြောပြော ဒေါသထွက်ပြီး ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ စကားများရန်ဖြစ်ရတာတွေ ရှိလာနိုင်ပါတယ်။ အရာရာကိုအမြင်မကြည်တော့ ဘယ်သူ့အပေါ်မှာမှလည်း အကောင်းမြင်စိတ် မရှိတော့ပါဘူး။

လူတွေကိုငြီးငွေ့စိတ်ပျက်လာခြင်း

လူတွေကို ငြီးငွေ့စိတ်ပျက်တာမျိုး ဖြစ်လာရင် တစ်ယောက်ထဲနေဖို့ အချိန်လိုအပ်နေတာဖြစ်လို့ ခဏလောက် ဘယ်သူနဲ့မှမတွေ့ပဲ အဆက်အသွယ်မလုပ်ပဲ နေလိုက်ပါ။ ကိုယ့်စိတ်ကို အရင်ကုစားပါ။ တစ်ယောက်ထဲ ကိုယ်သဘောကျတာလေးတွေ လုပ်ရင်းနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

စိတ်ရှုပ်ထွေးနေခြင်း

အရမ်းစိတ်ရှုပ်ထွေးနေရင် သေချာပါတယ် သင့်အတွက် တစ်ယောက်ထဲနေဖို့ အချိန်လိုအပ်နေတာပါ။ စိတ်ရှုပ်ထွေးနေချိန် အများနဲ့ဆို ပိုပြီးဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ထဲနေပြီး စာဖတ်တာ၊ လေကောင်းလေသန့်ရတဲ့နေရာမှာ သီချင်းနားထောင်ပြီး အနားယူတာ၊ အချိန်ရရင် ခရီးထွက်တာမျိုး၊ staycation လုပ်တာမျိုး၊ ရေကူးတာမျိုး၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးပါ။ အဆင်ပြေသွားပါလိမ့်မယ်။