တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့သူနဲ့ တွဲနေရရင် အပြည့်အဝမပျော်ရွှင်ရပါဘူး။ ခဏခဏစိတ်ညစ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တကယ်လို့ သင်ကိုယ်တိုင်က တစ်ကိုယ်ကောင်းဆန်တဲ့ချစ်သူကို ရထားတယ်ဆိုရင်လည်း ဒီအချက်တွေကိုကြည့်ရုံနဲ့တင် သိသာစေပါတယ်။

Control လုပ်တာခံနေရခြင်း

သင့်ချစ်သူဆီက သူ့အလိုကျအတိုင်း တစ်ချိန်လုံး control လုပ်တာ ခံနေရပါလိမ့်မယ်။ ဒါက တစ်ကိုယ်ကောင်းဆန်တာပါပဲ။ သူဖြစ်ချင်တာပဲသိတယ် သင့်ခံစားချက်ကို ဘယ်တော့မှ မစဉ်းစားပေးပဲ ချစ်လို့ဆိုတဲ့ခေါင်းစဉ်တပ်ပြီး အမျိုးမျိုးချုပ်ချယ်တာ၊ သူလိုချင်သလို ပုံသွင်းတာမျိုးတွေပါ။ ကြာလာရင် ဒီလိုအလုပ်ခံရတာတွေကြောင့် အရမ်းစိတ်ညစ်ရတာ၊ မွန်းကြပ်ရတာမျိုးတွေ ဖြစ်လာပါတယ်။

သူ့အမှားကိုမမြင်ခြင်း

တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့သူတွေက ဘာကြီးပဲဖြစ်နေပါစေ တစ်ဖက်လူရဲ့အမှားကိုပဲ မြင်ပါတယ်။ သူတို့အမှားကို လုံးဝမမြင်ပါဘူး။ မှားနေရင်လည်း လက်မခံတာမျိုး၊ ဝန်မခံတာမျိုးတွေ လုပ်တတ်ပါတယ်။ သူတို့မှားတဲ့အခါကျ မတောင်းပန်တဲ့အပြင် ကိုယ့်အပြစ်ကိုဖုံးဖို့ တစ်ဖက်လူကို ပြန်အပြစ်ရှာပြောတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။

သင့်ရဲ့ဖြစ်တည်မှုကိုလက်မခံပေးခြင်း

တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့သူတွေက သူများဘက်ကို ဘယ်တော့မှမကြည့်ပါဘူး။ သူတို့လိုချင်တာ၊ သူတို့ဖြစ်ချင်တာကိုပဲ သိပါတယ်။ သူတို့ဖြစ်ချင်တဲ့အတိုင်းလည်း သူများကို ပုံသွင်းယူတာမျိုးတွေ လုပ်တတ်ပါသေးတယ်။ အစထဲက ဒီပုံစံကိုကြိုက်လာပြီး နောက်ပိုင်းမှာ တစ်ခုချင်းစီ သင့်ရဲ့ ဖြစ်တည်မှုတွေ၊ ရုပ်ရည်၊ အဝတ်အစား၊ အစားအသောက် စတာတွေ အကုန်လုံးကို လိုက်ပြုပြင်ခိုင်းနေတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။

သင့်ခံစားချက်ကိုမတွေးပေးခြင်း

တစ်ခုခုဆို သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြော၊ လုပ်ချင်တာလုပ်ပြီး သင်ဘာဖြစ်သွားမလဲ၊ ဘယ်လိုခံစားသွားရမလဲဆိုတာကိုလည်း မတွေးပေးတတ်ပါဘူး။ သူလုပ်သလို ပြန်လုပ်ရင်လည်း လုံးဝမကြိုက်တာမျိုး၊ အပြစ်တင်ပြောဆိုတာ၊ ပြဿနာရှာတာမျိုးတွေ လုပ်တတ်ပါသေးတယ်။ သင်မကြိုက်တာတွေ ပြောမိရင်လည်း သင့်ခံစားချက်ကို မတွေးပေးပဲ လက်မခံတာမျိုးတွေ လုပ်တတ်ပါတယ်။