ကိုယ့်အပေါ်သဘောကျနေတဲ့သူ၊ ချစ်နေတဲ့သူက ရုတ်တရက်ပဲဖြစ်ဖြစ် တဖြေးဖြေးနဲ့ပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုသိပ်မရှိတော့ဘူးဆိုရင် ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။ ဒီထဲကအချက် ၃ ချက်လောက်နဲ့ တူနေပြီဆိုရင်တော့ သင့်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့ဘူးလို့ သတ်မှတ်နိုင်နေပါပြီ။

သင်နဲ့အတူရှိနေချိန်ဖုန်းပဲသုံးနေခြင်း

ကိုယ့်အပေါ် စိတ်ဝင်စားမှုရှိတဲ့သူဆိုရင် ကိုယ်နဲ့ရှိနေချိန်မှာ ကိုယ့်ကိုပဲကြည့်ပြီး စကားတွေပြောနေမှာပါ။ အဲ့လိုမဟုတ်ပဲ ကိုယ်နဲ့ရှိနေချိန်မှာတောင် သူ့ဖုန်းကိုပဲသုံးနေမယ်၊ ကိုယ်စကားပြောလည်း သူ့ဖုန်းကိုသုံးနေတာ မပျက်သွားဘူးဆိုရင် သင့်အပေါ် သိပ်ပြီးစိတ်ဝင်စားမှု မရှိတော့လို့ပါပဲ။

သင်ပြောတာတွေကိုဂရုတစိုက်နားမထောင်ခြင်း

 

ကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိတော့တဲ့အတွက် ကိုယ်ပြောတဲ့စကားတွေကိုလည်း သူစိတ်မဝင်စားတော့ပါဘူး။ ဘေးမှာရှိနေလို့သာ နားထောင်နေပေမယ့် သင်ပြောတာတွေကိုလည်း နားထောင်နေတာမျိုးမရှိပဲ သူလုပ်ချင်တာ လုပ်နေမှာပါ။

သင်နဲ့တွေ့ဖို့ဆိုအလုပ်များနေခြင်း

ကိုယ့်အပေါ်စိတ်ဝင်စားတဲ့သူဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်နဲ့တွေ့ချင်နေမှာပါ။ မအားရင်တောင်မှ ရအောင်အချိန်ဖယ်ပြီးတွေ့မှာပါ။ အဲ့လိုမဟုတ်ပဲ သင်နဲ့တွေ့မယ်ဆိုရင် အလုပ်မအားဘူးဆိုတဲ့ အကြောင်းပြချက်တွေပဲ ခဏခဏပေးနေမယ်ဆိုရင်တော့ သင့်အပေါ် အရင်လို စိတ်မဝင်စားတော့လို့ပါပဲ။

သင်နဲ့ချိန်းထားတာကိုခဏခဏဖျက်ခြင်း

တွေ့ဖို့ချိန်ထားတာတွေကို တစ်ခါတစ်လေမဟုတ်ပဲ ခဏခဏဖျက်တာမျိုးတွေက ဆက်တိုက်ဖြစ်လာမယ်ဆိုရင် သင်နဲ့မတွေ့ချင်လို့ဆိုတာ သိသာပါတယ်။

သင့်ဖုန်းနဲ့ Message တွေကိုဂရုမစိုက်ခြင်း

ကိုယ့်အပေါ်စိတ်ဝင်စားမှုမရှိတော့တဲ့အခါ ကိုယ်ဆက်တဲ့ဖုန်းတွေကို ကိုင်ချင်တဲ့အခါမှကိုင်မယ်၊ မကိုင်ဖြစ်ရင်လည်း ပြန်ခေါ်တာမျိုး မရှိတော့ပါဘူး။ ဒါ့အပြင် ပို့တဲ့ Message တွေကိုလည်း Neglect လုပ်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

သင်နဲ့ပတ်သက်ပြီးသဝန်တိုစိတ်မရှိတော့ခြင်း

ကိုယ့်အပေါ်စိတ်ဝင်စားမှုမရှိတဲ့အခါ ချစ်တဲ့စိတ်တွေလည်း ပျောက်လာပါတယ်။ ဒီတော့ ကိုယ်ဘာလုပ်လုပ် စိတ်မဝင်စားတော့သလို တခြားတစ်ယောက်ယောက်နဲ့ တူတူရှိနေတာ၊ စကားပြောနေတာ စတာတွေကိုလည်း သဝန်တိုခြင်း၊ သိချင်လို့မေးမြန်းခြင်းတွေ ရှိတော့မှာမဟုတ်ပါဘူး။