သင့်အချစ်ဆုံးသူငယ်ချင်းက အရင်နဲ့မတူတော့ပဲ ပြောင်းလဲလာတယ်လို့ ခံစားရရင် သူဘာတွေဖြစ်နေလဲ၊ depression ဝင်ပြီး စိတ်ကျရောဂါခံစားနေရတာလားဆိုတာကို ဒီအရာတွေနဲ့ တိုက်ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်ကူညီနိုင်တာရှိရင်ကူညီပြီး စိတ်ဓာတ်မကျအောင် ဖေးမပေးလို့ရမှာပါ။

အချိန်တိုင်းမှာပင်ပန်းနေခြင်း

အရင်နဲ့မတူတော့ပဲ ပျော်ပျော်ရွှင်ရွှင်မရှိတော့ပဲ ကြည့်လိုက်ရင် အချိန်တိုင်း ပင်ပန်းနေသလို၊ တစ်ခုခုကို စိုးရိမ်ပူပန်နေသလိုမျိုး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ Depression ဝင်ရင် အလိုလိုနေရင်းနဲ့ အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေဝင်လာပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုမျိုးတွေဖြစ်နေရင် ကိုယ့်သူငယ်ချင်းကို ဘာဖြစ်နေလဲ၊ ဘာအဆင်မပြေတာတွေရှိလဲမေးပါ။ တတ်နိုင်သလောက် အားပေးပါ။ ရင်ဖွင့်ခိုင်းပါ။

ကိုယ်အလေးချိန်ကျသွားခြင်း

နေမကောင်းတာလည်းမဟုတ်ပဲ ရုတ်တရက်ကြီး သိသိသာသာကို ကိုယ်အလေးချိန်တွေကျပြီး ပိန်သွားတယ်ဆိုရင် သင့်သူငယ်ချင်းက စိတ်အရမ်းပင်ပန်းပြီး စိတ်ကျရောဂါခံစားနေရတာမျိုး၊ အရမ်းကို စိတ်ညစ်စရာတွေများနေပြီး စိတ်ရောလူပါ ပင်ပန်းနေတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ ကိုယ့်သူငယ်ချင်းကို ပစ်မထားပါနဲ့။ ဂရုစိုက်ပေးပါ။ သူကြိုက်တတ်တာလေးတွေ ဝယ်ကျွေးတာမျိုး၊ ပို့ပေးတာမျိုး လုပ်ပေးပါ။

ကိုယ့်ကိုယ်ကိုထိခိုက်နာကျင်အောင်လုပ်ခြင်း

Depression အရမ်းဝင်ပြီး စိတ်ကျရောဂါခံစားနေရရင် လူတွေက ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်တတ်ကြပါတယ်။ သင့်အချစ်ဆုံးသူငယ်ချင်းက အပေါ်ကအရာတွေလည်း ဖြစ်နေတယ်၊ သူ့ကိုယ်သူလည်း ထိခိုက်နာကျင်အောင်တွေ လုပ်နေတယ်ဆိုရင်တော့ သူ့ကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာမျိုးတွေ လုပ်ပေးပါ။ စိတ်ကျရောဂါက အရမ်းဆိုးလာရင် ကိုယ့်ကိုယ်ကို suicide လုပ်တာမျိုးတွေအထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

ငိုကြွေးခြင်း

စိတ်ကျရောဂါခံစားနေရရင် တစ်ချိန်လုံး အားငယ်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေဝင်ပြီး ခဏခဏငိုကြွေးနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ချစ်ရတဲ့သူတွေကို ဖေးမကူညီပါ။ သူတို့အတွက် အားကိုးစရာလူတစ်ယောက် ဖြစ်ပေးပါ။ ရင်ဖွင့်ခိုင်းပြီး သူတို့ပြောတာတွေကို နားထောင်ပေးပါ။ သူတို့စိတ်ပျော်အောင် ကူညီပေးပါ။