တစ်ကိုယ်ကောင်းဆန်စိတ်ရှိရင် အချစ်ရေးမှာလည်း အဆင်မပြေသလို၊ လူမှုရေးမှာလည်း အဆင်မပြေပါဘူး။ အချစ်ရေးမှာအဆင်ပြေချင်တယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ တစ်ဖက်လူအပေါ် မတွေးပေးပဲ ကိုယ်ဖြစ်ချင်တာပဲသိတဲ့စိတ်ကို အရင်ပြင်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ကိုယ်တိုင်ကော တစ်ကိုယ်ကောင်းဆန်တဲ့သူတစ်ယောက် ဖြစ်နေပြီလားဆိုတာကို သိရအောင်လို့ Relationship တစ်ခုမှာ သင်ဟာ တစ်ကိုယ်ကောင်းဆန်နေတယ် ဆိုတာကို ဖော်ပြနေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

တစ်ဖက်လူကိုတစ်ချိန်လုံး Control လုပ်ချင်တယ်

ချစ်လို့ဆိုတာကို ခေါင်းစဉ်တပ်ပြီး တစ်ဖက်လူကို အမျိုးမျိုးချုပ်ချယ်တာ၊ ကိုယ်လိုချင်သလို ပုံသွင်းတာ၊ ထိန်းချုပ်ချင်နေတာဟာ တစ်ကိုယ်ကောင်းဆန်ပါတယ်။ ဒီလိုလုပ်တာတွေက ကြာလာရင် အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ကိုချစ်ရင် ပြောင်းလဲပါဆိုပြီး သွားပြောလို့မရပါဘူး။ လုပ်ယူလို့လည်း မရပါဘူး။ သူ့ဘာသာသူ ပြောင်းလဲလာပါလိမ့်မယ်။

တစ်ဖက်လူရဲ့ခံစားချက်ကိုမတွေးပေးတာ

ကိုယ်ပြောချင်တာကိုပြောတယ်၊ ကိုယ်ဖြစ်ချင်တာကိုပဲသိတယ်။ တစ်ဖက်လူဘာဖြစ်သွားမလဲ၊ ဘယ်လိုခံစားရမလဲဆိုပြီး မတွေးပေးတာ၊ ကိုယ်ပဲဒီလိုလုပ်မယ်။ ကိုယ့်ကိုယ်တော့ ဒါမျိုးလာမလုပ်နဲ့ဆိုတာမျိုးတွေက တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းပါတယ်။

အမှားကိုမမြင်တာ

သူများမှားပြီဆိုရင် စွတ်ပြောမယ်။ ပြဿနာရှာမယ်။ ကိုယ်မှားရင်ကျ မတောင်းပန်တဲ့အပြင် ကိုယ့်အပြစ်ကိုဖုံးဖို့ တစ်ဖက်လူကို ပြန်အပြစ်ရှာပြောတာမျိုး၊ ကိုယ်လုပ်သမျှအကုန်အမှန်၊ ကိုယ်တွေးတာပဲအမှန်ဆိုပြီး အမြဲတွေးနေတာကလည်း တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ပါပဲ။

ကိုယ်ရွေးချယ်ထားတဲ့သူရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တာ

ဒီလူကိုချစ်လို့ ရွေးချယ်ထားပြီးရင် သူ့ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ရပါမယ်။ လက်မခံနိုင်ရင် အစထဲက မရွေးချယ်ပါနဲ့။ ကိုယ်တိုင်ရွေးချယ်ထားပြီးမှ ဒီလိုပုံစံကြီးဖြစ်နေတာမကြိုက်ဘူး။ ဒီလိုလုပ်တာတွေမကြိုက်ဘူး။ ပြောင်းလဲပေးဆိုပြီး သွားပြောတာ၊ အပြစ်ရှာတာမျိုးက တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ဘက်ပဲကိုယ်ကြည့်တာ ဖြစ်သွားပါပြီ။

photo source: www.pinterest.com