တချို့သူတွေက ကိုယ့်ကိုစိတ်ရောကိုယ်ပါ နာကျင်အောင်လုပ်ထားပေမယ့် Sorry တစ်ခွန်းမပြောပဲ မတောင်းပန်တာမျိုးတွေ ရှိပါတယ်။ သူတို့အမြဲမှန်တယ်ထင်ပြီး သူတို့အမှားကိုမမြင်လို့ပါ။ ဒီလိုလူတွေနဲ့ ဆက်ပြီးပတ်သက်နေလို့လည်း ကိုယ့်အတွက်ရလာမှာက စိတ်ဒဏ်ရာပဲရှိပါတယ်။ သင့်ကိုနာကျင်အောင်လုပ်ထားပေမယ့် ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူးဆိုတာက ဒီအချက်တွေနဲ့တင် သိသာစေပါတယ်။

ခွင့်လွှတ်ဖို့မပြောခြင်း

သင့်ကိုဘာကြီးပဲလုပ်ထားပါစေ သူ့ကိုခွင့်လွှတ်ပါလို့တောင် မပြောဘူးဆိုရင် တောင်းပန်ဖို့ဆိုတာ ပိုတောင်ဝေးပါသေးတယ်။ ဘယ်တော့မှတောင်းပန်မှာ မဟုတ်ပါဘူး။ သင့်ဆီက ခွင့်လွှတ်မှုကိုလည်း မလိုချင်သလို တောင်းပန်မှုကိုလည်း စိတ်မဝင်စားပါဘူး။

သင့်ခံစားချက်တွေကိုဂရုမစိုက်ခြင်း

သင့်ကိုနာကျင်အောင်လုပ်ထားပြီး သင်နာကျင်ရလည်း ဂရုမစိုက်ဘူး၊ သင်ဘယ်လိုခံစားနေရမလဲဆိုတာကိုလည်း ဂရုမစိုက်ဘူးဆိုရင် တောင်းပန်မှာလည်း မဟုတ်ပါဘူး။ ဒီလိုလူမျိုးကို ချစ်သူအဖြစ်နဲ့တော်ထားတယ်ဆိုရင် လမ်းခွဲတာက သင့်အတွက် စိတ်ချမ်းသာပျော်ရွှင်မှုကို ရရှိစေမှာပါ။

မသိချင်ယောင်ဆောင်ခြင်း

သူ့အပြစ်သူဝန်မခံချင်တဲ့သူ၊ သူ့အမှားကိုလက်မခံတဲ့သူက သူဘာတွေပဲလုပ်ထား လုပ်ထား မှားမှန်းသိရက်နဲ့တောင် မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။ မတောင်းပန်ချင်တဲ့အတွက် မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်သလို နေကြတာပါ။

သူ့အမှားကိုဝန်မခံခြင်း

သူလုပ်ခဲ့တဲ့အမှားတွေကို သင့်ဘက်က သေချာထောက်ပြပြီးပြောရင်တောင်မှ ပတ်ငြင်းပြီး သူ့အမှားမရှိကြောင်း မျက်နှာပြောင်တိုက်ပြောနေမှာပါ။ ဒီလို သူ့အမှားကိုဝန်မခံရင် တောင်းပန်ဖို့ဆိုတာလည်း အဝေးကြီးပါပဲ။

သင့်ကိုပြန်ပြီးစိတ်ဆိုးဒေါသထွက်ခြင်း

သင့်ကိုနာကျင်အောင်လုပ်ထားတာကို တောင်းပန်ဖို့နေနေသာသာ သူ့ဘက်ကတောင် ပြန်ပြီးစိတ်ဆိုးဒေါသထွက်နေမယ်ဆိုရင် သူ့ဆီက တောင်းပန်မှုကို မမျှော်လင့်ပါနဲ့တော့။