ရည်းစားထားပြီး ဖောက်ပြန်ခံရတာ၊ စိတ်ဆင်းရဲရတာတွေထက်စာရင် FA ဖြစ်တာက ပိုပြီးတော့ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ FA ဖြစ်လို့ နှိမ်လို့ လိုက်စနေလို့ ကြာလာတော့ စိတ်ညစ်လာတယ်ဆိုပြီး မဖြစ်ပါနဲ့။ FA ဖြစ်နေတဲ့သူအများစုက ကြိုက်မယ့်သူမရှိလို့မဟုတ်ပဲ ဒီလိုအကြောင်းအရင်းတွေကြောင့် ရည်းစားမထားဖြစ်တော့ပဲ အချိန်ကြာကြာ FA ဖြစ်နေကြတာ များပါတယ်။ သင်လည်း FA ဆိုရင် ဘယ်လိုအကြောင်းကြောင့် FA လုပ်နေတာဖြစ်မလဲ…?

ရည်းစားဟောင်းကိုမမေ့နိုင်သေးလို့

တချို့ကျတော့လည်း ရည်းစားဟောင်းကို အရမ်းချစ်ပြီး မမေ့နိုင်တော့ သူကလွဲရင် တခြားသူတွေကို ရင်ထဲမရောက်တော့ဘူး ချစ်လို့မရတော့ဘူးဆိုတာတွေ ရှိပါတယ်။ ရည်းစားဟောင်းကို ရင်ထဲထည့်ပြီး FA ဘဝနဲ့ပဲ အရိုးထုတ်နေကြတဲ့သူတွေပေါ့။

အသည်းကွဲခဲ့ရလို့

တချို့ FA တွေကျတော့ အတိတ်မှာ အသည်းကွဲခဲ့ပြီး ထပ်ချစ်ရမှာကို ကြောက်နေကြတာပါ။ ထပ်ချစ်မိရင် ထပ်ပြီးအသည်းကွဲအုံးမလား၊ ထပ်ပြီးခံစားရအုံးမလားဆိုပြီး ကြောက်နေကြတာ၊ ဒီလိုနာကျင်မှုမျိုးကို ထပ်ပြီးကြုံတွေ့ရဖို့ကို ခံနိုင်ရည်မရှိကြတော့တာပါ။ ဒါကြောင့် ဘယ်သူနဲ့မှ မပတ်သက်တော့ပဲ တစ်ယောက်တည်းပဲ နေကြတဲ့သူတွေပါ။

အချစ်ကကိုယ့်အတွက်စိတ်ပင်ပန်းစေလို့

အချစ်နဲ့ပတ်သက်လာရင် အရမ်း Sensitive ဖြစ်တဲ့သူတွေ၊ Overthinking အရမ်းဖြစ်တဲ့သူတွေ တော်တော်များများအတွက်တော့ အချစ်ရေးက စိတ်ပင်ပန်းစေတဲ့ အရာတစ်ခုပါပဲ။ အမြဲတမ်း ပူပန်နေရတယ်၊ စိုးရိမ်နေရတယ်၊ အလိုမကျတာ၊ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ ခဏခဏဖြစ်နေလို့ ဒီလို စိတ်ပင်ပန်းရတာကို စိတ်ကုန်ပြီး တစ်ယောက်ထဲ FA လုပ်နေကြတာတွေလည်း ရှိပါတယ်။

Life Goal သတ်မှတ်ထားလို့

တချို့ကျတော့ ဘဝကိုဦးစားပေးပြီး အောင်မြင်ဖို့၊ ကိုယ်လိုချင်တဲ့ Life Goal တစ်ခုကို သတ်မှတ်ထားလို့ အချစ်ရေးကို ခေါင်းထဲမထည့်တော့ပဲ သေချာတစ်စိုက်မတ်မတ် ကြိုးစားနေကြတာမျိုးလည်း ရှိပါတယ်။ ဒီလို FA တွေအတွက်ကျတော့ တစ်ခါတစ်လေမှာ အထီးကျန်ပေမယ့် အချစ်ရေးကို စဉ်းစားချိန်မရှိပါဘူး။

အလုပ်အရမ်းများလို့

အလုပ်အရမ်းများတဲ့သူတချို့ကလည်း မအားလို့ဆိုပြီး အချစ်ရေးအတွက် အချိန်မပေးနိုင်တာတွေ ရှိပါတယ်။ ဒီလိုအမြဲအလုပ်ရှုပ်နေတာရယ်၊ အချိန်မပေးနိုင်တာရယ်ကြောင့် ရည်းစားလည်းမထားဖြစ်တော့ပါဘူး။ အားတဲ့အချိန် ဘော်ဒါတွေနဲ့ တွေ့တာလောက်ပဲ လုပ်ဖြစ်ကြတော့တဲ့သူတွေပေါ့။

စိတ်တိုင်းမကျ၊ အရွေးလွန်နေလို့

နောက်ဆုံး FA ကတော့ အပေါ်ကအချက်တွေ တစ်ခုနဲ့မှမတူပါဘူး။ လာကြိုက်တဲ့သူ မရှိလို့လည်း မဟုတ်ပါဘူး။ ဘယ်သူလာကြိုက်ကြိုက် စိတ်တိုင်းမကျတာပါ။ ဂျီးများပြီး အရွေးလွန်နေရင်းနဲ့ သူများနောက်တွေပါပြီး တစ်ယောက်တည်း FA အဖြစ်နဲ့ ကျန်ခဲ့ကြတဲ့သူတွေပါပဲ။