တချို့တွေက ခေါင်းလျှော်ပြီးရင် ဆံပင်ကိုခြောက်အောင်မသုတ်ပဲ ခြောက်ခါနီးအနေအထားလောက်မှာပဲ ထားလိုက်ကြပါတယ်။ ဒီတိုင်းထားတာကတော့ ကိစ္စမရှိပေမယ့် သေချာမခြောက်သေးပဲ ဆံပင်ရေစိုနေသေးတဲ့အချိန်မှာ အိပ်လိုက်မိရင်တော့ ဆံသားအတွက်ကော၊ ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်။ ဒါမျိုးမလုပ်မိအောင် ခေါင်းလျှော်ပြီးရင် ဆံပင်မခြောက်သေးပဲအိပ်မိတဲ့အခါမှာ ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ဦးရေပြားကျိန်းစပ်ပြီးယားလာခြင်း

ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးပဲ စိုနေတဲ့အချိန်မှာအိပ်မိရင် ဦးရေပြားကျိန်းစပ်ပြီး ယားတာမျိုး၊ ဗောက်ထတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးက ရေစိုသွားတဲ့အတွက် ဗက်တီးရီးယားတွေ ပိုပြီးပေါက်ပွားလာစေပါတယ်။

ဆံသားရှုပ်ထွေးခြင်း၊ ဆံပင်ကျွတ်ခြင်း

ဆံပင်မခြောက်သေးပဲအိပ်လိုက်ရင် နိုးလာတဲ့အခါမှာ ခေါင်းဖြီးရင် ပုံမှန်ထက်ပိုပြီး ဆံသားရှုပ်ထွေးပါတယ်။ ဆံသားရှုပ်ထွေးရင် ခေါင်းဖြီးတဲ့အခါအမှာ ဆံပင်တွေပိုကျွတ်စေတယ်၊ ဆံသားလည်း ပိုပျက်စီးစေပါတယ်။

ခေါင်းအုံခြင်း၊ ခေါင်းကိုက်ခြင်း

ဆံပင်ရေမခြောက်သေးပဲ အိပ်တာမျိုး၊ ဆံပင်ကိုသေချာ ခြောက်အောင်မသုတ်ပဲ Towel နဲ့ ပေါင်းထားတာမျိုးက ခေါင်းအုံတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေ ဖြစ်စေပါတယ်။ ခဏခဏလုပ်မိရင်တော့ ကြာလာတဲ့အခါမှာ ဦးခေါင်းနဲ့ပတ်သက်တဲ့ ရောဂါတွေပါ ဖြစ်လာနိုင်တာကြောင့် အရမ်းအန္တရာယ်များပါတယ်။

ဆံသားဖွာခြင်း၊ အောက်ဖျားတွေပျက်စီးခြင်း

ဆံပင်ကိုသေချာမသုတ်ပဲ ရေစိုနေတဲ့အတိုင်းပဲ အကြာကြီးနေတာ၊ ဆံပင်မခြောက်သေးပဲ အိပ်မိတာတွေက ဆံသားအရမ်းပျက်စီးစေပါတယ်။ နဂိုထဲက ဆံသားမကောင်းတဲ့သူတွေဆိုရင် ဆံသားဖွာတာ၊ ဆံပင်အောက်ဖျားတွေ နှစ်ခွဖြစ်ပြီး ပျက်စီးတာမျိုးတွေ ဖြစ်လွယ်ပါတယ်။

အလက်ဂျစ်ဖြစ်ခြင်း

Sensitive ဖြစ်တဲ့ အသားအရေအတွက်ဆိုရင် ဆံပင်ရေစိုနဲ့ ဆံပင်မခြောက်သေးပဲ အိပ်မိတဲ့အခါ မျက်နှာ၊ အထူးသဖြင့် ပါးနဲ့ဂုတ်မှာ အလက်ဂျစ်တွေ၊ ဖုတွေ ထွက်လာနိုင်ပါတယ်။ ခေါင်းအုံးရေစိုသွားတဲ့အခါ ခေါင်းအုံးမှိုစွဲတာတွေလည်း ဖြစ်လာနိုင်တာကြောင့် ကိုယ့်မျက်နှာအသားအရေကိုလည်း ထိခိုက်စေပါတယ်။

Source: www.brightside.me