ရည်းစားတွေကြားမှာ အသေးအမွှားလေးတွေကနေ အကြီးကြီးဖြစ်သွားတဲ့အထိ နေ့တိုင်းလိုလို စကားများရန်ဖြစ်နေကြတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် ကိုယ့်အနေနဲ့ မှားနေတာတွေရှိရင်လည်း ဆင်ခြင်လို့ရအောင် ရည်းစားတွေကြားမှာ ခဏခဏရန်ဖြစ်စကားများစေတဲ့ သဝန်တိုမှုအဓိကပြဿနာတွေကို ပြောပြပေးလိုက်ပါတယ်။

၂၄ နာရီ၊ ၇ ရက်လုံး သင့်ကိုပဲအချိန်ပေးစေချင်တာ

တချို့တွေ ရှားတော့ရှားပေမယ့် တကယ်ရှိပါတယ်။ အချိန်တိုင်းလိုလို ကိုယ်နဲ့ပဲစကားပြော၊ ကိုယ့်ကိုပဲအချိန်ပေးတာမျိုးကို လိုချင်ကြပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိပါတယ်။ တချို့ဆိုရင် ၁ နာရီ၊ ၂ နာရီလောက် စကားမပြောမိတာနဲ့ ကိုယ့်ကိုပစ်ထားတယ်။ အချိန်မပေးဘူး။ ဂရုမစိုက်ဘူးဆိုပြီး ပြဿနာရှာကြတာပါပဲ။ ဒီလိုမျိုးတွေဖြစ်နေရင်တော့ တစ်ဖက်လူအတွက်လည်း ကြာလာရင် မွန်းကြပ်ပြီး စိတ်ပျက်စရာဖြစ်လာပါလိမ့်မယ်။ ခဏခဏလည်း ရန်ဖြစ်နေတော့မှာပါပဲ။

အတူမရှိချိန်တွေမှာတစ်ချိန်လုံးသူ့ကို Check လုပ်နေတာ

အရမ်းကိုသဝန်တိုလွန်းတဲ့သူတချို့မှာ ရှိတတ်တဲ့အကျင့်ကတော့ ကိုယ်နဲ့အတူမရှိတဲ့အချိန်တွေဆိုရင် ဘာလုပ်နေလဲ၊ ဘယ်သွားနေလဲ စသဖြင့် တချိန်လုံးလိုက်ပြီး Check နေတော့တာပါပဲ။ ပြောပြီးသွားလည်း မယုံကြည်ပဲ တချိန်လုံးဖုန်းတွေဆက်၊ မက်ဆေ့ချ်တွေပို့ပြီး Checking လုပ်နေတာတွေက တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသလို ငါ့ကိုမယုံကြည်ပါလားဆိုတဲ့စိတ်လည်း ဝင်သွားစေပါတယ်။

သူငယ်ချင်းတွေနဲအပြင်သွားခွင့်မပေးတာ

တချို့တွေဆိုရင် ကိုယ့်ရည်းစားကို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပြင်သွားတာကိုတောင် မကြိုက်ကြပါဘူး။ သွားပြီဆိုတာနဲ့ မကြိုက်တဲ့ပုံစံမျိုးလုပ်လိုက်၊ ပြဿနာတွေ တစ်ခုပြီးတစ်ခုရှာလိုက်နဲ့ လုပ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ်မပါပဲ သွားလာတာမျိုးကို မကြိုက်ကြတာပါ။ ဒီလိုမျိုးတွေလုပ်တာက အရမ်းကိုမှားပါတယ်။ ချုပ်ချယ်တာ အတိုင်းထက်အလွန်ဖြစ်သွားတဲ့ ပုံစံမျိုးပါ။ ခဏခဏလည်း ရန်ဖြစ်စကားများအောင် ဖန်တီးနေတဲ့အချက်ပါပဲ။

ကိုယ်မဟုတ်တဲ့တခြားသူနဲ့စကားပြောရင်မကြိုက်တာ

ကိုယ့်ရည်းစားကို ကိုယ်မဟုတ်ပဲ တခြားမိန်းကလေးတွေ၊ တခြားယောင်္ကျားလေးတွေနဲ့ ပတ်သက်တာမျိုးမပြောနဲ့ စကားပြောတာတောင် မကြိုက်တဲ့သူမျိုးတွေ ရှိပါတယ်။ သူစိမ်းကို ဒီလိုဖြစ်တာဆိုရင်တော့ လက်ခံပေးလို့ရပေမယ့် ခင်မင်နေတဲ့သူတွေအပေါ်မှာပါ ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်တော့ လုံးဝအဆင်မပြေနိုင်ပဲ ရန်ဖြစ်စကားများနေရပါလိမ့်မယ်။ တစ်ဖက်လူကလည်း ကိုယ့်ကို နားလည်မှုမရှိတဲ့သူ၊ လူမှုရေးမသိတဲ့သူဆိုပြီး ပြောဆိုတာမျိုးတွေ ခံရတတ်ပါတယ်။

Social media မှာလုပ်သမျှကို အမြဲလိုက်ကြည့်ပြီးပြောနေတာ

အရမ်းသဝန်တိုတတ်တဲ့သူတွေက Social media မှာလည်း အရမ်း sensitive ဖြစ်ပါတယ်။ ကိုယ့်ရည်းစားဘာလုပ်လဲ အမြဲလိုက်ကြည့်ပြီး ပြောတတ်ပါတယ်။ ဘယ်သူတွေကို comment ပေးလဲ၊ ဘယ်သူတွေကို react ပေးလဲကအစ လိုက်ကြည့်ပြီး ပြောဆိုတာ၊ စိတ်ဆိုးတာမျိုးတွေ ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရည်းစားကလွဲရင် ဘယ်သူ့ကိုမှ comment မပေး၊ react မပေးတာမျိုးတွေ ရှိပါတယ်။ ဒီလိုလူတွေကျတော့ ဘာမှမဖြစ်ပေမယ့် ပေးတတ်တဲ့သူတွေအတွက်ကျတော့ နေ့တိုင်းစကားများ ရန်ဖြစ်စေပါတယ်။

လိမ်နေတယ်လို့ခဏခဏစွပ်စွဲနေတာ

အကြောင်းအရာတစ်ခုခုကို စိတ်ဆိုးပြီဆိုတာနဲ့ ကိုယ်ထင်တာတွေစွတ်ပြောပြီး ကိုယ့်ကိုယ်လိမ်နေတယ်လို့ စွပ်စွဲတာတွေ၊ ဘာပြောပြောလက်မခံပဲ ကိုယ်မှန်တယ်ထင်ရင်ပြောပြီး ခဏခဏစွပ်စွဲနေတာတွေက relationship တစ်ခုအတွက် တကယ့်ကိုအဆိပ်အတောက်ပါပဲ။ ကိုယ့်အတွက်လည်း မယုံကြည်မှုတွေ ပိုတိုးလာစေသလို၊ တစ်ဖက်က စွပ်စွဲခံရတဲ့သူကလည်း ကြာလာရင် စိတ်ကုန်သွားနိုင်ပါတယ်။