သူများပျော်သလို မပျော်နိုင်ဘူး၊ ပျော်ရင်လည်း အပြည့်အဝကို မပျော်ရဘူးဆိုတာတွေက ကိုယ့်ရဲ့အတွေးတွေ၊ ခံယူချက်တွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ စိတ်ညစ်စရာရှိနေရင်တောင်မှ ပျော်အောင်နေတတ်တဲ့သူက စိတ်ပေါ့ပါးရတာပါပဲ။ ဒါကြောင့် သင့်ကို အပြည့်အဝ မပျော်ရွှင်နိုင်အောင် လုပ်နေတဲ့ ဒီ Negative Thinking တွေကို အရင်ရှင်းထုတ်ပစ်ရပါမယ်။

မကောင်းတဲ့ဘက်ကပဲလိုက်တွေးနေခြင်း

ဘာကိုပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်က အရင်စဉ်းစားလိုက်မယ်၊ တွေးလိုက်မယ်ဆိုတာ မရှိပဲ မကောင်းတဲ့ဘက်ကပဲ လိုက်တွေးနေရင်တော့ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ဒါကိုပဲခေါင်းထဲထည့်ထားပြီး တစ်ချိန်လုံးတွေးနေရင်လည်း အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ မဖြစ်သေးတာတွေ၊ လုပ်တောင်မလုပ်ရသေးတာတွေကို ကြိုမတွေးပါနဲ့။ ကြိုတွေးနေရင် စိုးရိမ်ပြီး ကြိုစိတ်ညစ်ရပါတယ်။ ဒါကြောင့် ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးနှိပ်စက်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။

နှိုင်းယှဉ်ပြီးအားငယ်နေခြင်း

အရာရာကို သူများနဲ့လိုက်ပြီး နှိုင်းယှဉ်နေရင်တော့ အားငယ်စိတ်တွေဝင်လာပြီး အမြဲတမ်း ကိုယ့်ကိုယ်ကို အလိုမကျဖြစ်တာ စိတ်ညစ်နေရပါမယ်။ ကိုယ့်ထက်သာနေတဲ့သူတွေကို ကြည့်ပြီး လိုက်နှိုင်းယှဉ်နေရင် ကိုယ့်အတွက် ဘယ်လောက်ကောင်းတာ ဖြစ်လာပါစေ အလိုမကျဖြစ်ပြီး ပျော်စရာရှိရင်တောင် အပြည့်အဝပျော်ရတဲ့ဆီကို ရောက်မှာမဟုတ်ပါဘူး။

အရမ်း Serious ဖြစ်ခြင်း

ကိစ္စတိုင်းကို လိုက်ခံစားပြီး အရာရာကို Serious ဖြစ်နေမယ်ဆိုရင် ကိုယ်ပဲ စိတ်ညစ်ရမယ်၊ ဝမ်းနည်းရပါမယ်။ ကြာလာရင် အကျင့်ပါသွားပြီး ကိုယ့်စိတ်ပဲ ပိုပင်ပန်းပါတယ်။ ဒါကြောင့် စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးလေး နေကြည့်လိုက်ပါ။ မကောင်းတာတစ်ခုခု ဖြစ်လာရင်တောင် အရမ်း Serious မဖြစ်ပဲ ခေါင်းအေးအေးထားပြီး ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားပါ။ အရာရာအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ အကောင်းဘက်ကနေ ပြောင်းတွေးပါ။

လိုချင်တာတွေများနေခြင်း

ကိုယ်မတတ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေကို လိုချင်နေပြီး မရရင် ဝမ်းနည်းရတယ်၊ ကိုယ့်ဘဝကို အလိုမကျတာတွေ ဖြစ်လာတယ်၊ အပြစ်မြင်လာပါတယ်။ လိုချင်တာတွေကလည်း တစ်ခု၊ နှစ်ခုမဟုတ်ပဲ အရမ်းကိုများနေပြီး မရတော့ မပျော်နိုင်တော့ဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကိုယ်တတ်နိုင်တာလေးနဲ့ ကိုယ့်ကိုယ်ကို ဖြည့်ဆီးပြီး ပျော်ပျော်နေပါ။