ဂျိုင်းမဲတာက လက်ပြတ်တွေဝတ်တဲ့အခါမှာဆို ကြည့်ရဆိုးစေပါတယ်။ မဲတာကို သက်သာအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း မျိုးစုံရှိတာကြောင့် ဒီတိုင်းမထားသင့်ပါဘူး။ ဒါကြောင့် ဂျိုင်းမဲတာသက်သာစေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့နည်းလမ်းတွေ ဖြစ်တာကြောင့် ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

သံပယိုသီး

သံပယိုသီးကတော့ ဝယ်ရအလွယ်ကူဆုံး ဖြစ်မှာပါ။ လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းလွယ်ပါတယ်။ သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး ဂျိုင်းကိုပွတ်ပေးရုံပါပဲ။ ၂ မိနစ်၊ ၃ မိနစ်လောက် ပွတ်ပေးပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ရေချိုးခါးနီး နေ့တိုင်းသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် ၂ ပတ်အတွင်းမှာပဲ ဂျိုင်းမဲတာတွေ သက်သာလာမှာပါ။

Apple Cider Vinegar နဲ့ မုန့်ဖုတ်ဆိုဒါ

Apple cider vinegar စားပွဲတင်ဇွန်း ၁ ဇွန်းကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး ဂျိုင်းကို ပွတ်လိမ်းထားပါ။ ၁၀ မိနစ်ထားပြီးမှ ရေခဲရေနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ ဂျိုင်းမဲတာသက်သာပြီး ဖြေးဖြေးချင်းစီ ဖြူလာပါလိမ့်မယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်းသားဂျယ်လ်ကို ခြစ်ယူပြီး ဂျိုင်းမှာပွတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ဂျိုင်းသား အသားအရေ စိုပြည်လာပြီး dead skin celss တွေကို ဖယ်ရှားပေးတာကြောင့် ဂျိုင်းမဲတာသက်သာပြီး ဖြူလာစေပါတယ်။

သံလွင်ဆီနဲ့သကြားညို

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး ဂျိုင်းကို scrub တိုက်ပေးရမှာပါ။ ကြမ်းကြမ်းတမ်းတမ်းမပွတ်ပဲ ဖြေးဖြေးချင်းစီ ညှင်သာစွာပွတ်ပေးပါ။ ၃ မိနစ်လောက် ပွတ်ပြီးရင် ၅ မိနစ်ထားပါ။ ပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

အပေါ်က နည်းလမ်း ၃ မျိုးကို ကိုယ်ကြိုက်တာ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းကိုပဲလုပ်လုပ် သံလွင်ဆီနဲ့သကြားညိုကို သုံးပြီး scrub တိုက်တာကိုတော့ တစ်ပတ် ၂ ကြိမ် လုပ်ကိုလုပ်ပေးရမှာ ဖြစ်ပါတယ်။