ခေါင်းဖြီးတဲ့အခါမှာ ပုံစံမှားနေရင်လည်း ဆံပင်တွေပိုကျွတ်စေတယ်၊ ပိုပြီးပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်တွေကျွတ်ပြီး ပိုပျက်စီးအောင် ခေါင်းဖြီးတဲ့အခါမှာ ပြုလုပ်မိနေတဲ့အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲမှာမှ ကိုယ်လုပ်နေမိတာတွေပါနေရင်လည်း ပြန်ပြုပြင်လို့ရသွားတာပေါ့။

ခေါင်းဖြီးတဲ့အခါမှာ တော်တော်များများက အပေါ်ကနေစပြီး ဖြီးတတ်ကြပါတယ်။ ဒီလိုဖြီးတာက ဆံပင်ပိုကျွတ်စေတယ်။ ဆံပင်ပိုပျက်စီးစေပါတယ်။ ဒါကြောင့် အောက်ဖျား တစ်လက်မလောက်ကနေစပြီး တစ်ဖြေးဖြေးချင်းစီ အပေါ်ကို တက်တက်သွားပြီး ဖြီးပေးရပါမယ်။

ခေါင်းဖြီးတဲ့အခါမှား ဆီလေးနည်းနည်းလိမ်းပြီး ဖြီးပေးပါ။ ဆီမသုံးပဲ ဒီတိုင်းခေါင်းဖြီးမယ်ဆိုရင် ဆံပင်ပိုရှုပ်ထွေးပြီး ကျွတ်ပါလိမ့်မယ်။

ဆံပင်ကျွတ်တယ်ဆိုတာ ကိုယ်ဖြီးတဲ့ဘီးနဲ့လည်း ဆိုင်တာကြောင့် ဘီးကိုသေချာရွေးသုံးပါ။ နောက်ပြီး ကိုယ်သုံးတဲ့ဘီးကို တစ်ပတ်တစ်ခါ ဆေးပေးပါ။ ဘီးကိုမဆေးပေးပဲ မသန့်စင်ပဲထားရင် ဘတ်တီးရီးယားတွေ ဦးရေပြားကိုထိပြီး ဗောက်တွေ၊ အနာတွေဖြစ်မယ်၊ ဆံပင်တွေ ပိုကျွတ်ပါမယ်။

ခဏခဏခေါင်းဖြီးခြင်းက ဆံပင်တွေ ပိုကျွတ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို အကြိမ်ရေနည်းနည်းပဲ ခေါင်းဖြီးပေးပါ။

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာက ဆံပင်တွေ လွယ်လွယ်ကူကူကို ကျွတ်ပါလာစေတာပါ။ ဒါကြောင့် ဆံပင်ရေစိုနေချိန်မှာ မဖြီးပါနဲ့။

ခေါင်းမလျှော်ခင်မှာ ဆံပင်ကို သေချာရှင်းအောင်ဖြီးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ အဲ့လိုမဟုတ်ပဲ ခေါင်းမလျှော်ခင်မှာလည်း ဆံပင်ရှုပ်နေတဲ့အတိုင်းပဲ လျှော်ချလိုက်မယ်ဆိုရင် လက်တွေနဲ့ငြိပြီး ပိုကျွတ်နိုင်ပါတယ်။