ဘယ်ကိစ္စပဲဖြစ်ဖြစ် အချိန်မတိကျပဲ အမြဲနောက်ကျနေရင် ကိုယ်လုပ်ရမယ့်အရာကို မလေးစားရာကျသလို၊ တစ်ဖက်လူကိုလည်း အလေးမထားရာရောက်ပါတယ်။ ကိုယ်နဲ့သိတဲ့သူအချင်းချင်း၊ အရမ်းခင်မင်ရတဲ့ သူငယ်ချင်းတွေကြားမှာတောင် ချိန်းထားရင်နောက်ကျတာက တစ်ခါတစ်လေပဲကောင်းပါတယ်။ ဘယ်အရာမဆို အချိန်တိကျတာတော့ အကောင်းဆုံးပါပဲ။ အမြဲတိကျတဲ့သူကို အများကလည်း လေးစားပါတယ်။ ဒါကြောင့် အချိန်တိကျတဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။

Alarm ပေးထားပါ

အိပ်ယာထနောက်ကျတတ်တဲ့သူ၊ ချိန်းထားရင် အမြဲနောက်ကျတတ်တဲ့သူ၊ ပြင်ဆင်တာ အချိန်ကြာတတ်တဲ့သူတွေက Alarm ကြိုပေးထားပါ။ ကိုယ်ထွက်ရမယ့်အချိန်ထက် ၁၅ မိနစ်လောက်စောပြီး Alarm ပေးထားပါ။ ဒါမှ Alarm မြည်တာနဲ့ ကိုယ်သွားဖို့ အချိန်ရောက်ပြီဆိုတာကို သိနေမှာပါ။

လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ထားပါ

မနက်ဖြန်ကိုယ်သွားရမှာက အရေးကြီးတဲ့ကိစ္စ၊ အလုပ်ကိစ္စဆိုရင် လိုအပ်တာတွေကို ဒီနေ့ထဲက ကြိုတင်ပြင်ဆင်ထားပါ။ ညမိုးချုပ်မှလုပ်တာမျိုး၊ သွားရမယ့်နေ့မှလုပ်တာမျိုးက အဆင်မပြေဖြစ်တတ်ပါတယ်။ အချိန်နောက်ကျတာမျိုးတွေ၊ မေ့ခဲ့တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားပါ။ သေချာ Plan ချပြီး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။

အဝတ်အစားကြိုရှာထားပါ

ချိန်းထားတာနောက်မကျပဲ၊ အမြန်လုပ်စရာလည်းမလိုပဲ အေးအေးဆေးဆေး သွားနိုင်ဖို့အတွက် မနက်ဖြန်ဝတ်မယ့် အဝတ်အစားကို ညထဲကကြိုရှာထားပါ။ ဒါကတော့ မိန်းကလေးတွေအတွက် ပိုပြီးလိုအပ်ပါတယ်။ ကိုယ်ဝတ်မယ့်အဝတ်အစား၊ ဖိနပ်၊ ယူသွားမယ့်အိတ်ကအစ အကုန်ညထဲက အပြီးပြင်ဆင်ထားပါ။ သွားခါနီးမှ အကုန်လုပ်မယ်ဆိုရင်တော့ နောက်ကျသွားပါလိမ့်မယ်။

အိပ်ရေးဝအောင်အိပ်ပါ

ကိုယ်ချိန်းထားတာက မနက်ပိုင်းဖြစ်နေရင် စောစောအိပ်ဖို့လိုပါတယ်။ ဒါမှအိပ်ရေးလည်းဝမယ်။ အိပ်ယာထနောက်ကျတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ နေ့လည်ဘက်တို့၊ ညနေဘက်တို့မှ ချိန်ထားတာမျိုးဆိုရင်တော့ အိပ်ရေးဝအောင်သာအိပ်ပါ။ အိပ်ရေးမဝရင် ခေါင်းမကြည်၊ စိတ်မကြည် ဖြစ်နေပါလိမ့်မယ်။ အရေးကြီးကိစ္စတွေချိန်းထားတာဆိုရင် စိတ်ကြည်လင်နေဖို့ အရေးကြီးပါတယ်။

photo source:www.freepik.com