ကိုယ့်ပျော်ရွှင်မှုက ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ဘယ်လောက်ပဲစိတ်ညစ်စရာရှိရှိ ပျော်အောင်နေတတ်တဲ့သူကတော့ ပျော်ရတာပါပဲ။ ဒီအလေ့အကျင့်တွေကလည်း ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖျက်စီးပစ်နေမိတဲ့ အလေ့အကျင့်တွေ ဖြစ်နေတတ်တာကြောင့် ဆင်ခြင်ဖို့လိုပါတယ်။

မဖြစ်သေးတာကိုကြိုတွေးခြင်း

မလုပ်ရသေးတာတွေ၊ မဖြစ်သေးတာတွေကို ကြိုတွေးပြီး ပူပန်နေတာမျိုးတွေ မလုပ်ပါနဲ့။ မဖြစ်သေးတာတွေကို ကြိုတွေးရင် ကြိုပြီးစိတ်ညစ်နေရပါတယ်။ ဒါကြောင့် ပျော်ပျော်ပဲနေပါ။ ဖြစ်လာမှသာ ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားပါ။

မကောင်းတဲ့အတိတ်ကိုပြန်တွေးနေခြင်း

စိတ်ညစ်ခဲ့ရတဲ့၊ ဝမ်းနည်းခဲ့ရတဲ့ မကောင်းတဲ့အတိတ်တွေကို ပြန်တွေးပြီးတော့လည်း ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဖျက်စီးပစ်နေတာမျိုး မလုပ်မိပါစေနဲ့။ ပြီးခဲ့တာတွေကို ပြန်မတွေးပါနဲ့။ အတိတ်ကိုထားခဲ့ပြီး လက်ရှိပစ္စုပ္ပန်မှာပဲ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်ဆိုရင် ပျော်ရွှင်ရမှာပါ။

မဖြစ်နိုင်တာကိုမျှော်မှန်းနေခြင်း

ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်မှန်း သိနေတဲ့အရာတွေကို မျှော်မှန်းပြီး မရလို့ စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေမယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုပင်ပန်းအောင် လုပ်နေတာပါပဲ။ ဒီလိုအလေ့အကျင့်တွေရှိနေရင် ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

ခံစားချက်တွေကိုပိတ်လှောင်ထားခြင်း

စိတ်ထဲမှာဖြစ်တဲ့အတိုင်း ပေါက်ကွဲလိုက်ပါ၊ ငိုချင်ငိုချလိုက်ပါ၊ ပြောချင်တာရှိရင် ထုတ်ပြောလိုက်ပါ။ ခံစားချက်တွေကို ပိတ်လောက်ထားရင် နှစ်ဆပိုခံစားရပြီး ပျော်ရွှင်မှု ပျောက်ဆုံးရပါတယ်။ ဒါကြောင့် အရမ်းခံစားရတဲ့အခါ ယုံကြည်ရတဲ့သူကို ရင်ဖွင့်လိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်ထဲပေါ့ပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

တခြားသူတွေရဲ့အမြင်ကိုအာရုံစိုက်နေခြင်း

ငါဒီလိုလုပ်လိုက်ရင် သူများတွေဘယ်လိုမြင်မလဲ၊ ဘယ်လိုထင်သွားမလဲ ဆိုပြီး တခြားသူတွေရဲ့ အမြင်တွေ အပြောအဆိုတွေကိုပဲ လိုက်ဂရုစိုက်ပြီး အာရုံစိုက်နေမယ်ဆိုရင်တော့ ကိုယ့်စိတ်နဲ့ကိုယ်မရှင်သန်ရပဲ သူများစိတ်နဲ့ရှင်သန်နေရပြီး အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးလာပြီး ပျော်ရွှင်မှုတွေ လျော့နည်းလာပါလိမ့်မယ်။