ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကချွေးနံ့ထွက်နေရင် အဆင်မပြေပါဘူး။ ဒီလိုချွေးနံ့မနံအောင် ကိုယ့် lifestyle ကို သေချာဂရုစိုက်ပြီး ပြောင်းလဲပေးဖို့လိုပါတယ်။ ဒါကြောင့် ချွေးနံ့ထွက်တာကို လျှော့ချပေးမယ့် အလေ့အကျင့်ကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
ရေမှန်မှန်ချိုးပါ
ချွေးအရမ်းထွက်တဲ့သူတွေနဲ့ ချွေးနံ့နံတတ်တဲ့သူတွေက တစ်နေ့တစ်ခါ ရေပုံမှန်မချိုးရင် ချွေးနံ့ပိုပြီးနံပါတယ်။ ဒါကြောင့် ရေမှန်မှန်ချိုးပေးဖို့ လိုပါတယ်။ ရေချိုးလို့မရတဲ့ အခြေအနေတွေမှာဆိုရင်လည်း အဓိကချွေးနံ့နံတတ်တဲ့ လည်ပင်း၊ ကျော၊ ဂျိုင်း၊ ပေါင်ကြား စတဲ့နေရာတွေကို အဝတ်နဲ့ပဲဖြစ်ဖြစ် သေချာပွတ်ပြီး ရေပတ်တိုက်ပေးပါ။
ဂျိုင်းမွှေးရှင်းပါ
ဂျိုင်းမွှေးတွေရှိနေရင် ခန္ဓာကိုယ်က ချွေးနံ့ပိုနံပါတယ်။ ဒါကြောင့် ဂျိုင်းမွှေးအမြဲရှင်းပေးဖို့လိုပါတယ်။
အမွှေးနံ့သာသုံးပေးပါ
ချွေးနံ့ထွက်တတ်တဲ့သူတွေက အမွှေးနံ့သာတွေဖြစ်တဲ့ ရေမွှေး တို့ Body Spray တို့ သုံးပေးရပါမယ်။ ဂျိုင်းချွေးထွက်တတ်တဲ့သူတွေ၊ ဂျိုင်းချွေးနံ့နံတတ်တဲ့သူတွေဆိုရင်တော့ Roll On တို့ Spray တို့ သုံးပေးဖို့လိုပါတယ်။
Roll On, Spray တွေကို အများကြီးမသုံးပါနဲ့
များများသုံးရင် ပိုမွှေးတယ်ဆိုပြီး ဂျိုင်းကို Roll On အများကြီးလိမ်းတာ၊ Spray တွေ အများကြီးဖြန်းတာမျိုး မလုပ်ရပါဘူး။ ပုံမှန်ပဲသုံးပေးပါ။
ပူပြင်းတဲ့အချိန်မှာကျပ်တဲ့အဝတ်အစားတွေကိုမဝတ်ပါနဲ့
ရာသီဥတုပူပြင်းနေချိန်မှာ အရမ်းကျပ်တဲ့အဝတ်အစားတွေ၊ ပူတဲ့အဝတ်အစားတွေကိုဝတ်ရင် ချွေးပိုထွက်စေတဲ့အတွက် ချွေးနံ့နံပါတယ်။ ဒါကြောင့် ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေမယ့်၊ အေးတဲ့အဝတ်အစားတွေပဲ ရွေးချယ်ပါ။
အင်္ကျီကိုမလျှော်ရသေးပဲပြန်မဝတ်ပါနဲ့
အင်္ကျီကိုမလျှော်ရသေးပဲပြန်ဝတ်ရင် ရေချိုးပြီးလည်း ဘာမှမထူးပါဘူး။ အဝတ်အစားအဟောင်းမှာ ကပ်နေတဲ့ အညစ်အကြေးတွေနဲ့့ အနံ့တွေက ကိုယ့်ခန္ဓာကိုယ်ပေါ် ပြန်ပေသွားတာပါပဲ။ ချွေးနံ့လည်းစွဲစေပါတယ်။ ဒါကြောင့် ရေ ၂ ခါချိုးရင်တောင် အင်္ကျီကို ၂ ထည်လဲပါ။ ဝတ်ပြီးသားပြန်မဝတ်ပါနဲ့။
ရေဓာတ်ပြည့်အောင်စားသောက်ပါ
ရေဓာတ်ခမ်းခြောက်ရင်လည်း ချွေးနံ့နံတတ်ပါတယ်။ ဝမ်းချုပ်ပြီး အပူအပုပ်များလို့ ချွေးနံ့နံပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အသီးအနှံများများစားပါ။
ချွေးပုတ်တွေထွက်အောင်လေ့ကျင့်ခန်းလုပ်ပါ
ချွေးနံ့ထွက်တာသက်သာဖို့အတွက် ချွေးပုပ်တွေထွက်အောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။