မိုးရွာတဲ့နေ့တွေမှာဆိုရင် လှလှပပလေးပြင်ဆင်သွားလည်း ကိုယ်ပိုင်ကားနဲ့ သွားလာတဲ့သူတွေကလွဲလို့ ကျန်တာက ရှိုးပျက်ကုန်တာများပါတယ်။ ဒါကြောင့် တချို့ကျ မိုးရွာတဲ့အချိန် အပြင်သွားရတာကို သိပ်မကြိုက်ကြပါဘူး။ မဖြစ်မနေသွားရမယ်ဆိုရင်တော့ ဖက်ရှင်ကို သေချာရွေးချယ်သွားဖို့ လိုတာပေါ့။ ဒါကြောင့် မိုးရွာတဲ့နေ့တွေမှာ မဝတ်ဆင်သင့်တဲ့ အဝတ်အစားနဲ့ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရောင်နုတဲ့အဝတ်အစား

အရောင်နုတဲ့အဝတ်အစားတွေကို မိုးရွာတဲ့နေ့မှာဝတ်ရင် မိုးရေနဲ့ဗွက်တွေဆင်ပြီး အဝတ်အစားညစ်ပတ်ကုန်တဲ့အတွက် နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် မိုးရွာတဲ့နေ့မှာဆိုရင် အရောင်နုတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။

ပါးလွှာတဲ့အဝတ်အစား

မိုးရွာတဲ့နေ့တွေမှာ ပါးလွှာတဲ့အဝတ်အစားတွေဝတ်ရင် မိုးရေထိတာနဲ့ အသားနဲ့ကပ်ပြီး အမြင်မတော်ဖြစ်တတ်တာကြောင့် မဝတ်တာတော့ အကောင်းဆုံးပါပဲနော်။

ပျော့ပြောင်းတဲ့ဂါဝန်နဲ့စကပ်

ပျော့ပြောင်းတဲ့ဂါဝန်နဲ့ စကပ်တွေလည်း တူတူပါပဲ။ မိုးရွာတဲ့အခါ မိုးရေနဲ့ထိပြီး အသားမှာကပ်နေတဲ့အတွက် ကြည့်ရဆိုးတာမျိုးတွေ ဖြစ်တတ်တာကြောင့် မဝတ်တာ ကောင်းပါတယ်။

ဒေါက်ဖိနပ်

မိုးရွာတဲ့နေ့မှာ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးရင် ခြေထောက်ချောနေတာနဲ့ လမ်းချော်နေတာနဲ့ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိုးရွာရင် ဒေါက်ဖိနပ်မစီးပါနဲ့။

ကတ္တီပါသားဖိနပ်

ကတ္တီပါသားဖိနပ်တွေက မိုးရာသီမှာမစီးသင့်ပါဘူး။ ရေစိုတာများရင် ခဏလေးနဲ့ပျက်သလို တော်ရုံနဲ့လည်း မခြောက်ပါဘူး။

ဇစ်မပါတဲ့အိတ်အပွင့်တွေ

ပိုက်ဆံအိတ်ကိုင်တဲ့အခါ၊ လွယ်တဲ့အခါမှာတော့ ဇစ်မပါတဲ့အိတ်အပွင့်တွေကို ရှောင်သင့်ပါတယ်။ မိုးရွာရင် အိတ်ထဲရေဝင်ပြီး အထဲကပစ္စည်းတွေ စိုကုန်ပါလိမ့်မယ်။