ဆောင်းရာသီရောက်ရင် နေရတာထိုင်းမှိုင်းပြီး မလန်းဆန်းတာမျိုး၊ ခေါင်းအုံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာလည်း ကိုယ်လက်ထိုင်းမှိုင်းတာ၊ စိတ်ထိုင်းမှိုင်းတာမျိုး မဖြစ်အောင် နေ့တိုင်းလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးလိုက်ပါတယ်။

မနက်စောစောထလမ်းလျှောက်ပါ

ဆောင်းရာသီမှာ အေးလို့ကွေးနေအိပ်နေတာက ဇိမ်ရှိပေမယ့် ကိုယ်လက်ထိုင်းမှိုင်းပြီး နေလို့ထိုင်လို့ မကောင်းတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစောလေးထပြီး လမ်းလျှောက်ပါ။ ဒါဆိုရင် ဝိတ်လည်းကျပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပါတယ်။

မနက်စောစောထပြေးပါ

လမ်းလျှောက်သလိုပဲ ပြေးလို့လည်းရပါသေးတယ်။ အမောခံနိုင်ရင်တော့ မနက်စောစောလေးထပြီး ပြေးပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ လုပ်ပါ။ ပြီးမှ အိမ်ပြန်လာပါ။ ဒါဆိုရင်တော့ ချွေးထွက်ပြီး နေရတာပေါ့ပါးပြီး လန်းဆန်းသွားပါလိမ့်မယ်။

ယောဂကျင့်ပါ

ဆောင်းရာသီမှာ အပြင်ထွက်ပြီး လမ်းလျှော်တာ၊ ပြေးတာမျိုးမလုပ်ချင်ရင် မနက်စောစောထပြီး အိမ်မှာပဲ အပြင်လေကိုရှူရှိုက်ပြီး ယောဂကျင့်ပေးပါ။ ဒီလိုအချိန်မှာ ယောဂကျင့်ပေးရင် ကိုယ်လက်ထိုင်းမှိုင်းတာ၊ စိတ်ထိုင်းမှိုင်းတာတွေ မဖြစ်တော့ပဲ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေတယ်။ စိတ်ကြည်လင်စေပါတယ်။

ကိုယ်လုပ်နေကျလေ့ကျင့်ခန်းကိုမနက်စောစောလုပ်ပါ

အပေါ်မှာပြောခဲ့တာတွေ တစ်ခုမှမလုပ်ချင်ဘူး၊ ကိုယ်လုပ်နေကျလေ့ကျင့်ခန်းတွေလည်း ရှိတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကို ပြောင်းလိုက်ပါ။ ဆောင်းရာသီမှာ မနက်စောစောလေးထပြီး လေ့ကျင့်ခန်းလုပ်ပါ။ ရေချိုးပါ။ နေရတာပေါ့ပါးလန်းဆန်းပြီး အပူလည်းထွက်ပါတယ်။ ဆောင်းရာသီမှာ မနက်စောစောရေချိုးဖို့က အေးတယ်ဆိုပေမယ့် လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်သွားရင်တော့ ချိုးလို့ကောင်းသွားပါလိမ့်မယ်။

Photo source: www.freepik.com