တစ်ခါတစ်လေကျရင် ပျော်ရွှင်မှုတွေကို ဖျက်စီးနေတာက ကိုယ့်ရဲ့စိတ်ခံစားချက်တွေပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုတွေ မပျက်စီးချင်ရင် ဒီစိတ်ခံစားချက်တွေကို ရှင်းထုတ်ပစ်ဖို့လိုပါတယ်။

ခံစားချက်တွေကိုမြိုသိပ်ထားခြင်း

ခံစားနေရတာရှိရင် ဝမ်းနည်းလို့ရသလို၊ ပေါက်ကွဲလို့လည်းရပါတယ်။ ကိုယ့်ခံစားချက်တွေကို မြိုသိပ်ထားမယ်ဆိုရင် နှစ်ဆပိုပြီးစိတ်ညစ်ရပါတယ်။ ဒါကြောင့် စိတ်ပေါ့ပါးသွားအောင် ပေါက်ကွဲစရာရှိရင် ပေါက်ကွဲပါ။ ဒေါသထွက်ပါ။ ခံစားနေရရင် ရင်ဖွင့်ပါ။ ငိုလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မဖြစ်သေးတာကိုကြိုတွေးနေခြင်း

မဖြစ်သေးတာတွေကို ကြိုတွေးပြီး ကြောက်နေတာမျိုး၊ ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုး၊ ကြိုတွေးပြီး ဝမ်းနည်းနေတာမျိုးဆိုရင် မဖြစ်ခင်ထဲက ကြိုပြီး စိတ်ညစ်နေရမှာ၊ ဝမ်းနည်းနေရမှာပါ။ ပျော်နေတာတောင် ပျက်စေပါတယ်။ ဒါကြောင့် ကြိုတွေးမနေပါနဲ့။ ဖြစ်လာမှသာ ရင်ဆိုင်လိုက်ပါ။

လူတွေရဲ့အမြင်ကိုစိုးရိမ်ပူပန်နေခြင်း

ကိုယ်လုပ်ချင်တာကို ကိုယ့်စိတ်တိုင်းကျသာလုပ်ပါ။ လူတွေရဲ့အမြင်ကိုပဲ လိုက်တွေးပြီး စိုးရိမ်ပူပန်နေရင်တော့ အရေးမပါတာတွေနဲ့ စိတ်ညစ်ရမှာပါ။ ကိုယ်ပျော်နေရင်တောင် လူတွေရဲ့အမြင်ကို စဉ်းစားမိပြီး စိုးရိမ်နေတာနဲ့ အပျော်တွေပျက်သွားပါလိမ့်မယ်။

အတိတ်ကိုပဲပြန်တွေးနေခြင်း

ပြီးခဲ့တဲ့အတိတ်တွေကို ပြန်တွေးနေရင်တော့ ဘယ်တော့မှ အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ပျော်စရာရှိရင်တောင် အတိတ်တွေပြန်တွေးမိပြီး အပျော်တွေပျက်စေပါတယ်။ ဒါကြောင့် အတိတ်တွေကို အတိတ်မှာပဲထားခဲ့ပါ။

မနာလိုစိတ်များနေခြင်း

မနာလိုစိတ်များနေရင် ကိုယ်တိုင်အရင်ပူလောင်ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ စိတ်ကျေနပ်မှု ရှိမှာမဟုတ်ပါဘူး။ ကိုယ်ပျော်နေရင်တောင် သူများကိုကြည့်ပြီး မနာလိုစိတ်ဖြစ်လိုက်တာနဲ့ စိတ်ရှုပ်ဒေါသထွက်ပြီး ကိုယ့်အပျော်တွေ ပျက်သွားပါတယ်။ ဒါကြောင့် မနာလိုစိတ်များတာက လုံးဝမကောင်းပါဘူး။