မျက်နှာထက် လည်ပင်းကပိုမဲနေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုလည်ပင်းမဲတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ ထိရောက်သောနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဖြေးဖြေးချင်းစီ အသားအရောင်ညီပြီး လည်ပင်းမဲနေတာက သက်သာသွားမှာပါ။

မျက်နှာကို သန့်ရှင်းရေးလုပ်သလိုပဲ လည်ပင်းကိုလည်း ပုံမှန်လုပ်ပေးရမှာပါ။

လည်ပင်းကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုရင်တော့ မျက်နှာသစ်သလိုပဲ gentle cleanser သုံးပြီး လည်ပင်းကိုသန့်စင်ပေးပါ။

တစ်ပတ်တစ်ခါ အရမ်းမကြမ်းတဲ့ scrub နဲ့ တိုက်ပေးပါ။ ဒါမှ dead skin cells တွေကို ဖယ်ရှားနိုင်မှာပါ။ မဲနေတာတွေလည်း သက်သာလာမှာပါ။ အသားအရောင်လည်း ညီလာမှာပါ။

မျက်နှာကို skincare လိမ်းသလိုပဲ လည်ပင်းကိုလည်း moisturizer လိမ်းပေးဖို့မမေ့ပါနဲ့။ သီးသန့်မလုပ်ချင်ရင် မျက်နှာကို toner လိမ်းပြီး လည်ပင်းကိုပါ ပွတ်ပေးလိုက်ပါ။ မျက်နှာလိမ်းတဲ့ moisturizer ကို လည်ပင်းပါလိမ်းလိုက်လို့ ရပါတယ်။ မျက်နှာကို sunscreen လိမ်းပေးသလိုပဲ နေ့လည်ဘက်တွေ၊ နေပူထဲထွက်တဲ့အချိန်တွေမှာ လည်ပင်းကိုလည်း လိမ်းပေးပါ။

လည်ပင်းမဲနေတာကို ပျောက်အောင်လုပ်ပေးမယ့် သဘာဝနည်းလမ်းတွေလည်း အများကြီးရှိပါသေးတယ်။ အများကြီးထဲကမှ လူတိုင်းအလွယ်တကူလုပ်လို့ရမယ့် နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လည်ပင်းမဲတာ မြန်မြန်ပျောက်ချင်ရင်တော့ ဒီနည်းလမ်းတွေကိုပါ တွဲလုပ်ပေးဖို့ လိုပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့အတွင်းသားကို ဇွန်းနဲ့ခြစ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲမှာ တစ်နာရီထည့်ထားပါ။ အချိန်ပြည့်ရင်တော့ ယူပြီး လည်ပင်းမှာ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင် ရေဆေးချလိုက်လို့ရပါပြီ။

အာလူး

အာလူးကိုအခွံခွာ၊ ခြစ်ချပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အာလူးအရည်တွေကို ဂွမ်းလုံးနဲ့ယူကာ လည်ပင်းမှာပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင်တော့ ရေပြန်ဆေးချလိုက်လို့ရပါပြီ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက်နဲ့ကြိတ်ပြီး သံပယိုရည် ၂ စက်လောက်ထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ လည်ပင်းမှာလိမ်းပြီး ၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။

ဒိန်ချဉ်

ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး လည်ပင်းမှာလိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် mild cleanser နဲ့ သေချာပြန်သန့်စင်ပေးပါ။

လိမ္မော်သီးအခွံ

လိမ္မော်သီးအခွံကို နေပူလှန်းပြီး ခြောက်သွားပြီဆိုရင် အမှုန့်ရအောင်ကြိတ်ပေးပါ။ ရလာတဲ့အမှုန့်ကိုမှ နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး လည်ပင်းမှာလိမ်းပေးရမှာပါ။ ၁၀ မိနစ်ထားပြီးရင် ရေဆေးချလိုက်ပါ။

ဒီနည်းလမ်း ၅ မျိုးထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို စွဲပြီးလုပ်ပေးမယ်ဆိုရင်တော့ လည်ပင်းမဲနေတာက သိသိသာသာကို လျော့ကျသွားပါလိမ့်မယ်။