ဘယ်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်နေပါစေ relationship တစ်ခုမှာ တစ်ဖက်လူက ဒီအချက်တွေကို လုပ်နေမယ်ဆိုရင် ရေရှည်မှာအဆင်မပြေတော့ပဲ ပြတ်စဲလိုက်ရပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်မိနေရင်လည်း ကိုယ်တန်ဖိုးထားရတဲ့ relationship တစ်ခု မပျက်စီးအောင် အချိန်မှီပြင်ဆင်ဖို့လိုပါတယ်။

တစ်ဖက်လူရဲ့ခံစားချက်ကိုမတွေးပေးခြင်း

ကိုယ်ပြောချင်တာကိုပဲပြောပြီး ကိုယ်ဖြစ်ချင်တာကိုပဲသိတာတွေ၊ ကိုယ်လုပ်ချင်တာလုပ်ပြီး တစ်ဖက်လူဘာဖြစ်သွားမလဲ၊ ဘယ်လိုခံစားရမလဲဆိုတာတွေကို မတွေးပေးပဲ နေမယ်ဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်ရာကျပါတယ်။ တစ်ဖက်လူကလည်း ဒါတွေကို တချိန်ကျရင် စိတ်ကုန်လာမှာပါပဲ။

ချုပ်ချယ်လွန်းခြင်း

ချစ်လို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တစ်ဖက်လူကို အမျိုးမျိုးချုပ်ချယ်တာ၊ ကိုယ်လိုချင်သလို ပုံသွင်းတာ၊ ထိန်းချုပ်ချင်နေတာတွေဟာ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာတွေက ကြာလာရင် အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ကိုချစ်ရင် ပြောင်းလဲပေးဆိုပြီး ပြောလို့လည်းမရသလို အတင်းလုပ်ယူလို့လည်း မရပါဘူး။ ချစ်ပေမယ့် ခဏခဏရန်ဖြစ်ကြတယ်၊ ပြတ်ကြတယ်ဆိုတဲ့ အဓိကအချက်က ချုပ်ချယ်တာတွေကြောင့်ပါပဲ။

မကြိုက်တာတွေကိုလုပ်ခြင်း

ကိုယ့်ချစ်သူမကြိုက်တာတွေကိုလုပ်လို့ စိတ်ဆိုးသွားရင် ပြန်ချော့လိုက်မယ်၊ ပြန်အဆင်ပြေသွားကြတယ်၊ ပြီးရင် ထပ်လုပ်တာပဲဆိုရင်တော့ ကြာလာရင် အဆင်မပြေပါဘူး။ တစ်ဖက်လူက သေချာပေါက်စိတ်ကုန်ပြီး ထားသွားနိုင်ပါတယ်။ တစ်ယောက်မကြိုက်တာကို မလုပ်ပဲနေမယ်၊ မလိမ်ပဲ အသိပေးမယ်၊ သူပြောထားတာတွေကို အလေးထားပြီး ဆင်ခြင်ပေးမယ်ဆိုရင်တော့ ပြဿနာတက်တာတွေ လျော့သွားပြီး အဆင်ပြေကြမှာပါ။

ဖြစ်တည်မှုကိုလက်မခံနိုင်ခြင်း

ကိုယ်ရွေးချယ်ထားတဲ့သူရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ရပါမယ်။ ဒီလူကိုချစ်ခဲ့ပြီးမှ ဒီပုံစံကိုမကြိုက်ပါဘူးဆိုပြီး ပြင်ခိုင်းလို့မရပါဘူး။ ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲခိုင်းဖို့လည်း မစဉ်းစားပါနဲ့။ ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ ကိုယ့်ချစ်သူရဲ့ ဖြစ်တည်မှုကို သူများတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး ဝေဖန်ပြောဆိုတာတွေ၊ အပြစ်တင်တာတွေ လုပ်နေမယ်ဆိုရင်တော့ ရေရှည်အတွက် လုံးဝအဆင်မပြေလို့ လမ်းခွဲပြတ်ဆဲကြရမယ့် relationship တစ်ခု ဖြစ်လာပါလိမ့်မယ်။