လက်သည်း က နည်းနည်းလေးရှည်တာနဲ့ ကျိုးတာမျိုး၊ ပဲ့ထွက်ကုန်တာမျိုးတွေ ခဏခဏဖြစ်တာက အရှည်ထားချင်တဲ့ သူတွေအတွက်ကျတော့ အဆင်မပြေပါဘူး။ မိန်းကလေးအများစုရဲ့ လက်သည်းတွေ ခဏခဏကျိုးရတဲ့ အဓိကအကြောင်းအရင်း အများစုက ဒါတွေကြောင့်ဖြစ်တာ များပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ပြင်ဖို့လိုပါတယ်။ လက်သည်းကိုက်တာက လက်သည်းတွေ ပျက်စီးပြီး အရှည်နှေးစေတယ်၊ လက်သည်းပုံပျက်စေတယ်၊ လက်သည်းအရှည်ထားလို့ မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက်သည်းလည်း ခဏခဏကျိုးပါတယ်။

လက်သည်းနီအမြဲဆိုးခြင်း

လက်သည်းနီမှာကို အမြဲဆိုးတာမျိုး၊ ခဏခဏ လက်သည်းဖျက်ဆေးနဲ့ ဖျက်လိုက်၊ ဆိုးလိုက် လုပ်နေတာမျိုးတွေဆိုလည်း လက်သည်းပျက်စီးပြီး လက်သည်းခဏခဏကျိုးပါတယ်။ ဆိုးမယ်ဆိုရင်လည်း Base Coat ခံပြီးမှ လက်သည်းနီဆိုးပါ။ တစ်ပတ်မှာ ၁ ရက်၊ ၂ ရက်လောက်တော့ လက်သည်းကို ဘာမှမဆိုးပဲ ဒီတိုင်းလေးထားပါ။

Computer သုံးနေရတဲ့သူ

Computer အမြဲသုံးရတဲ့သူတွေက လက်သည်းအရှည်ထားဖို့ အဆင်မပြေပါဘူး။ ထားရင်လည်း လက်ကွက်တွေအမြန်ရိုက်တဲ့အခါမှာ လက်သည်းခဏခဏကျိုးတာမျိုးတွေ ဖြစ်စေပါတယ်။

ဗီတာမင်ချို့တဲ့ခြင်း

ဗီတာမင်ဓာတ်ချို့တဲ့နေရင်လည်း healthy nails မဖြစ်ပဲ လက်သည်းဝါတာ၊ လက်သည်းခဏခဏကျိုးတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း များများစားပေးပါ။

သံဓာတ်ချို့တဲ့ခြင်း

သင့်ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေရင်လည်း လက်သည်းခဏခဏကျိုးပါတယ်။ ဒါကြောင့် သံဓာတ်ဖြစ်စေတဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးပေးပါ။ Supplement အနေနဲ့ ဆေးတစ်ခုခုကို သောက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ ဥပမာ – Biotin သောက်ပေးတာဆိုရင် လက်သည်းနဲ့ ဆံပင်အတွက် အရမ်းကောင်းပါတယ်။