အခုခေတ်မှာ မိတ်ကပ်မလိမ်းတဲ့သူကတော့ ခပ်ရှားရှားပါပဲ။ ပုံမှန်မိတ်ကပ်လိမ်းတာက ကိစ္စမရှိပေမယ့် နေ့တိုင်းမိတ်ကပ်လိမ်းရင်တော့ သင့်အသားအရေမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်က အလုပ်သွားရလို့ မဖြစ်မနေမိတ်ကပ်လိမ်းရမယ်ဆိုရင်တောင် ပိတ်တဲ့ရက်လေး အနည်းဆုံး တစ်ပတ်မှာတစ်ရက်လောက်ကတော့ မိတ်ကပ်မလိမ်းပဲနေသင့်ပါတယ်။ ဘာကြောင့် နေ့တိုင်းမိတ်ကပ်မလိမ်းသင့်လဲဆိုရင်တော့ အဓိကအကြောင်းအရင်းက ၅ ခုပဲရှိပါတယ်။

အသားအရေပျက်စီးတယ်

မိတ်ကပ်နေ့တိုင်းလိမ်းရင် အဓိကဖြစ်လာမှာကတော့ အသားအရေပျက်စီးလာပါမယ်။ မိတ်ကပ်လိမ်းပြီးရင် Makeup Remover နဲ့ဖျက်၊ မျက်နှာသစ်ဆေးနဲ့ သေချာပြန်သစ်၊ တစ်ပတ်တစ်ခါ Exfoliate လုပ်ပေးမှ ဖြစ်မှာပါ။ ဒီလိုမလုပ်ရင်တော့ အသားအရေက သိသိသာသာကို ပျက်စီးလာပါလိမ့်မယ်။

ချွေးပေါက်ပိတ်တယ်

မိတ်ကပ်အမြဲလိမ်းရင် ချွေးပေါက်တွေပိတ်ပါတယ်။ ဒါကြောင့်လဲ အနည်းဆုံး တစ်ပတ်တစ်ခါ Exfoliate လုပ်ရပါတယ်။

ဝက်ခြံနဲ့အဆီဖုထွက်တယ်

အပေါ်မှာပြောခဲ့သလိုပဲ မိတ်ကပ်အမြဲနေ့တိုင်းလိမ်းရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာပါမယ်။ ဝက်ခြံအဆီဖုထွက်ရင် ဘယ်လောက်စိတ်ညစ်စရာကောင်းလဲဆိုတာကို ထွက်ဖူးတဲ့သူတိုင်း သိကြမှာပါ။

အသားအရေညစ်တယ်

မိတ်ကပ်တွေလိမ်းပြီး Remover နဲ့လည်း မဖျက်ဘူး၊ Double Cleansing လည်းမလုပ်ပဲ ဒီတိုင်းပဲ မျက်နှာသစ်ဆေးနဲ့ တန်းသစ်မယ်ဆိုရင် သင့်အသားအရေက သိသိသာသာကို ညစ်ညစ်ကြီးဖြစ်လာမယ်။ မိတ်ကပ်လိမ်းလို့လည်း မကောင်းတော့တာမျိုး ဖြစ်လာပါလိမ့်မယ်။

အရေးအကြောင်းတွေမြန်မြန်ဖြစ်တယ်

မိတ်ကပ်အမြဲလိမ်းရင် အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ တချို့ Matte Type မိတ်ကပ်တွေဆိုရင် ဆွဲလိမ်းရတဲ့အတွက် ပါးရေတွန့်တာ၊ အရေးအကြောင်းပေါ်တာမျိုးတွေ ဖြစ်လာပါတယ်။

Photo Source: www.freepik.com