နောင်တရရင် ပြင်လို့ရတာလည်း ရှိသလို၊ ပြင်ဖို့ အချိန်တွေလွန်သွားခဲ့တာ၊ ပြန်ပြင်လို့မရတော့တာတွေလည်း ရှိပါတယ်။ အထူးသဖြင့် အသက်ကြီးလာမှ ပြန်ပြန်လို့မရနိုင်တော့တဲ့ အမှား ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ အသက်ငယ်တုန်းမှာ ဆင်ခြင်သင့်တာဆင်ခြင်၊ ကြိုးစားသင့်တာ ကြိုးစားလို့ရမှာပါ။

ပိုက်ဆံမစုမိခြင်း

ငယ်ရွယ်တုန်းက ရှာနိုင်နေတုန်းအချိန်မှာ ပိုက်ဆံကိုမစုပဲ ရရင်ရသလို သုံးဖြုန်းပစ်တာမျိုးက အသက်ကြီးလာတဲ့အခါမှာ သိသာပါတယ်။ ကျန်းမာရေးအတွက်သုံးချင်တဲ့အခါ လက်ထဲစုမိဆောင်းမိထားတာ မရှိတာမျိုး၊ ရှေ့ရေးအတွက် ကြိုတွေးပြီး မစုခဲ့တော့ အသက်ကြီးလာတဲ့အခါ မရှာနိုင်တော့ရင် ပိုက်ဆံကြောင့် စိတ်ညစ်နေရမှာပါ။ ဒါကြောင့် အသက်ကြီးမှ နောင်တရတာမျိုးမဖြစ်အောင် ငယ်ရွယ်စဉ်မှာ ပိုက်ဆံစုပါ။

ပညာမသင်ယူခဲ့ခြင်း

အသက်ငယ်တုန်းမှာ ပညာတွေကို သေချာတတ်မြောက်အောင် သင်ယူခဲ့တာမျိုးမရှိပဲ အမြဲပျော်ပါးနေရင် အသက်ကြီးလာတဲ့အခါ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ငွေကြေးပိုင်းနဲ့ပဲဖြစ်ဖြစ် အခက်တွေ့ရပါတယ်။ တချို့အရာတွေက သင်ယူတတ်မြောက်ဖို့ အသက်အရွယ်နဲ့ဆိုင်တာကြောင့် အသက်ကြီးမှ နောင်တရတာမျိုးမဖြစ်ပါစေနဲ့။

ဘဝတိုးတက်ရာလမ်းကြောင်းကိုမရှာဖွေခဲ့ခြင်း

အသက်ငယ်ရွယ်စဉ်မှာကတည်းက ကိုယ့်ရဲ့ ဘဝတိုးတက်ရာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးတော့ ဖောက်မယ်ဆိုရင် နေရာတစ်ခုရပြီး အခြေခိုင်မာလာမှာပါ။ အဲ့အတွက်လည်း သေချာကြိုးစားခဲ့ဖို့ လိုပါတယ်။ အဲ့လိုတွေမလုပ်ခဲ့ရင် အသက်ကြီးလာတဲ့အခါ ကိုယ်နဲ့ရွယ်တူတွေက ဖြစ်မြောက်အောင်မြင်ပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီး ကိုယ်ကတော့ ဘာမှမဟုတ်ပဲဖြစ်နေမှာပါ။ အဲ့အချိန်ကျမှ နောင်တရနေရင် ပြန်ပြင်လို့မရတော့ပါဘူး။

မိဘတွေကိုဂရုမစိုက်ခဲ့ခြင်း

ကိုယ့်အသက်ကြီးလာတာနဲ့အမျှ မိဘတွေရဲ့ အသက်ကလည်း ပိုပိုကြီးလာပြီး အတူတူနေဖို့အချိန်တွေကလည်း လျော့နည်းလာပါပြီ။ ကြိုတင်ခန့်မှန်းလို့မရတဲ့ သေခြင်းတရားက ရှိတဲ့အတွက်ကြောင့် မိဘတွေ သက်ရှိထင်ရှားရှိနေတုန်းမှာ ဂရုစိုက်ပေးပါ။ မိဘတွေကို အချိန်ပေးပါ။ မရှိတော့မှ လုပ်ပေးချင်ပါတယ်ဆိုရင်တောင် လုပ်ပေးလို့မရတော့ပါဘူး။ အဲ့အခါကျမှ နောင်တရရင် ပြင်လို့လုံးဝမရနိုင်တော့တဲ့အတွက် အသက်ရှိစဉ်ကာလာမှာ တန်ဖိုးထားပြီး တစ်နေ့ထက်တစ်နေ့ ပိုဂရုစိုက်ပေးပါ။