အချစ်ရေးနဲ့ပတ်သက်ပြီး အမြဲအဆင်မပြေဘူး၊ အမြဲစိတ်ညစ်နေရတယ်ဆိုရင် ဘာကြောင့်ဖြစ်တာလဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ တစ်ခါတစ်လေကျရင် ကိုယ့်ကြောင့်ပဲ စိတ်ဒုက္ခရောက်နေရတာပါ။ ပျော်အောင်နေတတ်တဲ့သူ၊ စိတ်ချမ်းသာအောင် နေတတ်တဲ့သူကတော့ စိတ်ပေါ့ပါးပြီး အဆင်ပြေနေတာပါပဲ။ ဒါကြောင့် အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေမိတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

မယုံကြည်မှုတွေများနေခြင်း

 

မယုံကြည်မှုတွေများနေရင် ကိုယ်ပဲအရင်ဆုံး ပူလောင်ရတာပါ။ ကိုယ့် Partner က ဘာမှမလုပ်ရင်တောင်မှ ကိုယ်ကမယုံတော့ အတွေးတွေများ စိတ်တွေပူ စိတ်ဖိစီးပြီး ပူလောင်နေရတာပါ။ မယုံကြည်မှုတွေများနေတဲ့ အချစ်ရေးကလည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

ချုပ်ကိုင်လိုစိတ်များနေခြင်း

လူတိုင်းက ကိုယ့်စိတ်နဲ့ကိုယ်ပဲ လွတ်လွတ်လပ်လပ် နေချင်ကြတာပါ။ ချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အမျိုးမျိုးချုပ်ကိုင်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်သဘောအတိုင်း ချုပ်ကိုင်ခြင်း၊ ချုပ်ချယ်ခြင်းခံနေရတဲ့ ကိုယ့် Partner ကလည်း မွန်းကြပ်လာသလို ကိုယ်တိုင်လည်း ကိုယ်ပြောသလိုတွေ ဖြစ်မလာရင် စိတ်တိုဒေါသထွက်ပြီး ပူလောင်နေရပါတယ်။

အရာရာကိုယ့်သဘောအတိုင်းဖြစ်စေချင်ခြင်း

အရာရာကို ကိုယ့်သဘောအတိုင်းဖြစ်စေချင်ရင်တော့ ဘယ်တော့မှ အပြည့်အဝဖြစ်လာမှာ မဟုတ်ပါဘူး။ အစပိုင်းမှာတော့ ချစ်လို့ ကိုယ့်သဘောအတိုင်းနေပေးပေမယ့် ကြာလာရင်တော့ သူလည်း နေချင်တော့မှာမဟုတ်ပါဘူး။ စိတ်ကုန်လာပါလိမ့်မယ်။ အဲ့ကျရင် စိတ်ဆင်းရဲရမှာ ကိုယ်တိုင်ပါပဲ။

ကိုယ့် Partner အပေါ်မှာအလိုမကျတာတွေများနေခြင်း

အစထဲက ဒီလူအပေါ်မှာ မကြိုက်တာတွေ၊ အလိုမကျတာတွေ ရှိနေတယ်ဆိုရင် မတွဲတာကောင်းပါတယ်။ ကိုယ်နဲ့တွဲရင် ပြင်လို့ရတယ်လို့ သတ်မှတ်ပြီး ရည်းစားဖြစ်မှ ကိုယ့်စိတ်တိုင်းကျ နေခိုင်းလို့ အဆင်မပြေပါဘူး။ ဒီလိုနဲ့ ကိုယ့် Partner အပေါ်မှာ အလိုမကျတာတွေ များလာရင် ကိုယ်ပဲစိတ်ညစ်ရမှာပါ။

သဝန်တိုစိတ်များလွန်းခြင်း

လူတိုင်းကတော့ ကိုယ့် Partner ကို သဝန်တိုကြတာပါပဲ။ ဒါပေမယ့် သဝန်တိုမှုက လွန်ကဲနေရင်တော့ ကိုယ်ပဲစိတ်ညစ်ရမှာပါ။ ဘာမဟုတ်တဲ့ သေးသေးလေးကအစ ကိုယ့်စိတ်နဲ့ကိုယ်ဒုက္ခရောက်ပြီး ခံစားနေရပါလိမ့်မယ်။

သူများကိုပဲအားကျနေခြင်း

ကိုယ့် Relationship ကိုပဲ အဆင်ပြေအောင်၊ ပျော်ရွှင်အောင်မတည်ဆောက်ပဲ သူများအတွဲတွေကိုကြည့်ပြီး အားကျနေတာမျိုး၊ ကိုယ့် Partner က သူများရည်းစားလိုမလုပ်ပေးနိုင်လို့ ပြဿနာရှာတာမျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်သလို ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။