အသက် ၃၀ နီးလာသူ အများစု သတိထားမိမယ့် အရာတစ်ခုက အရင်ထက် တွေးစရာတွေ၊ လုပ်စရာတွေ၊ စိုးရိမ်စရာတွေ ပိုများလာတတ်တာပါ။ တစ်ခါတလေ သင်ရဲ့ အသက် ၁၆ ၁၇ ငယ်ရွယ်စဉ် အချိန်တွေက ဘယ်လိုကုန်လို့ ကုန်မှန်းမသိ ဖြစ်တတ်ပါတယ်။

အသက် ၃၀ နား ကပ်လာလေ ဘဝမှာ ပိုတန်ဖိုးထားရမယ့် အရာတွေကို သိလာလေပါပဲ။ ဒါကြောင့် သင့် အနေနဲ့ ၃၀ကျော်လာမှာကို မကြောက်ပါနဲ့​။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာနဲ့ မကြီးတာ ပိုခွဲခြားလာတတ်တဲ့ သင်ကအသက် ၂၀ ထက် ၃၀ ကျော်မှာ ဘဝကို ပိုကျေနပ်နိုင်မှာ မို့လို့ပါ​။ အခုဖော်ပြမယ့် အရာတွေကတော့ အသက် ၃၀နားနီးလာလေ ပိုတန်ဖိုးထားရမယ်လို့ သိလာမယ့် အရာတွေပဲ ဖြစ်ပါတယ်။ သင် က လက်ရှိ အသက်ငယ်သေးရင်တောင် အသက် ၃၀ နီးလာသူတွေ ဘာတွေကို တန်ဖိုးပိုထားလာလဲ သိခဲ့ရင် သူတို့ထက် ပိုစောပြီး ကြိုတန်ဖိုးထားနိုင်ပါသေးတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ သဘာဝတရား

အသက်ကြီးလာတာနဲ့ အမျှ အေးဆေးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာပဲ ပိုနေချင်လာကြပါတယ်။ အရင်က သတိမထားမိခဲ့တဲ့ ကောင်းကင်ပြာ၊ ရေကျသံ၊ စိမ်းစိုတဲ့ အပင်တွေ၊ ငှက်ကလေးတွေ ရဲ့ တေးဆိုသံတွေက အသက်အရွယ်တစ်ခု ရောက်လာသူတို့အတွက် တန်ဖိုးထားစရာ ဖြစ်လာပါတယ်။

၂။ မိသားစုနဲ့ တခြားသူတွေ

သင့်မိဘရဲ့ ဆုံးမသံ၊ ဂရုစိုက်သံတွေ၊ သင့်ကို အားကိုးတဲ့ မောင်နှမတွေရဲ့ အပြုံးတွေ၊ တခြားသူကို ကူညီပြီးနောက်ရလာတဲ့ ပီတိခံစားချက်တွေကို အသက် ၃၀ နီးလာတာနဲ့အမျှ ပိုခံစားမိလာတတ်ကြပါတယ်။ မိသားစုကိုလည်း ပိုဂရုစိုက်ဖို့ သတိဝင်လာတတ်ပါတယ်။

၃။ အချိန်

အသက် ၃၀ နီးလာသူတွေရဲ့ အချိန်အပေါ် ကြည့်တဲ့ပုံစံနဲ့ ဆယ်ကျော်သက် လူငယ်တွေ အချိန် ကြည့်ပုံ မတူတော့ပါဘူး။ တဖြည်းဖြည်းနဲ့ ပိုရင့်ပုံ ပေါ်လာတဲ့ မျက်နှာ အသားအရေနဲ့ အတူ အချိန်ကုန်မြန်လွန်းတာတွေက ၃၀ နားနီးသူတွေအတွက် အံ့ဩစရာတစ်ခု ဖြစ်တတ်ပါတယ်။ အချိန်မဖြုန်းသင့်တော့ဘူးလို့ စနားလည်လာပါပြီ။

၄။ တစ်ယောက်တည်း နေရတဲ့ အချိန်

မနက်ပိုင်း ကော်ဖီလေး အေးအေးဆေးဆေး သောက်ရတဲ့ အချိန်၊ လေအေးအေးလေး တိုက်နေတဲ့အချိန်တစ်ယောက်တည်း လမ်းလျှောက်ရတာ စတဲ့ တစ်ကိုယ်တည်း နေရတဲ့အချိန်တွေကို ပိုတန်ဖိုးထားတတ်လာပါတယ်။

၅။ သင့်အရည်အချင်း

အသက်အရွယ် ရလာလေ ကိုယ့် အရည်အချင်းတွေကို တန်ဖိုးထားတတ်လေပါပဲ။ အသက်ကြီးမှ ကိုယ့်စွမ်းရည်တွေကို အသုံးမချရမှာ နှမြောတတ်လာပါပြီ​။ စတင်ဖို့ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိတာမို့ သင့်မှာ ရှိတဲ့ ကောင်းကွက်တွေကို သိပြီး ဒါကို အသုံးချသင့်ပါတယ်။

၆။ သင့်ကိုယ်သင်

အသက်ကြီးလာမှ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ အသိစိတ်ဝင်လာတာကို တစ်ခါတလေ သင် နှမြောနေမိတတ်ပါတယ်။ ငယ်စဉ်ကတည်းက ဘာလို့ မသိခဲ့ရတာလဲဆိုပြီး သင့်ကိုယ်သင် အပြစ်တင်တတ်ပါတယ်။ ဘယ်သူမှ မပြည့်စုံပါဘူး။ မပြည့်စုံတဲ့ သင့်ကိုယ်သင် တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ဘယ်အရာမှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

သင်ကော အသက် ၃၀ ပြည့်ဖို့ နီးလာတဲ့ အချိန်မှာ တခြား ဘယ်အရာတွေကို တန်ဖိုးထားတတ်လာလဲ။

Photo Source: Pinterest

By MyStyle Myanmar