မီးပျက်သွားရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ တစ်ချို့တွေကြတော့ မီးပျက်သွားတဲ့ချိန်မှာ ကောင်းမယ်ထင်တဲ့အရာတွေ လုပ်တတ်ကြတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ သူတို့လုပ်တဲ့အရာတွေကို သူတို့တောင် မသိလိုက်ဘဲ အန္တရာယ်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ မီးပျက်နေချိန်မှာ မလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။

ဖယောင်းတိုင်

လူတော်တော်များများကတော့ ညဘက်မှာမီးပျက်သွားရင် ဖယောင်းတိုင်ပြေးဝယ်ပြီး ထွန်းထားတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထဲဖယောင်းတိုင်ထွန်းတာက ထင်ထားတာထက်တောင် အန္တရာယ်များပါတယ်။ မတော်လို့ ဖယောင်းတိုင်ထွန်းထားပြီး အိပ်ပျော်တိုင်းတာဖြစ်ဖြစ် ကလေးဆော့လို့ဖြစ်ဖြစ် မီးလောင်တတ်ပါတယ်။ဒါကြောင့် မီးပျက်ချိန်မှာ ဖယောင်းတိုင်အစား အားသွင်းလို့ရတဲ့ လျှပ်စစ်မီးတွေကို အသုံးပြုတာ ပိုပြီးအဆင်ပြေပါတယ်။

ဖုန်းအားကုန်တဲ့ထိ အသုံးပြုခြင်း

မီးပျက်သွားခဲ့ရင် တီဗီ၊ ကွန်ပြူတာတွေက အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ လက်တော့လည်း အသုံးပြုနေခဲ့မယ်ဆိုရင် အားကုန်သွားမှာပါ။ ဒီလိုအချိန်မှာ ဖုန်းကို အသုံးမပြုပဲ အရေးကြုံလာရင် သုံးဖို့ဘက်ထရီအားကို ချန်ထားသင့်ပါတယ်။

အီလက်ထရောနစ် ပစ္စည်းတွေကို ဂရုမစိုက်ခြင်း

မီးပျက်သွားပြီဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ဖွင့်လျက်ကြီးမထားပါနဲ့။ မီးပြန်မလာခင်မှာ ရေခဲသေတ္တာတွေ မီးတွေ အဲကွန်းတွေ ပိတ်ထားပါ။ ဒီလိုမှမဟုတ်ပဲ ဖွင့်လျက်ကြီး ထားထားမယ်ဆိုရင် မီးပြန်လာတဲ့အခါမှာ ဗို့အားတွေ ဆောင့်တတ်လာတတ်တာကြောင့် လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်စေပါတယ်။ ဒါပေမဲ့ မီးပြန်လာတာသိရအောင်တော့ မီးလုံးတစ်လုံးလောက် ဖွင့်ထားသင့်ပါတယ်။

ရေခဲသေတ္တာအဖွင့်အပိတ်လုပ်ခြင်း

မီးမရှိတော့တဲ့အချိန်မှာ ရေခဲသေတ္တာက အစားအသောက်တွေကို ၄ နာရီကြာ မပျက်စီးအောင် ထိန်းထားနိုင်ပါတယ်။ မီးပျက်နေစဉ်အတွင်းမှာ ရေခဲသေတ္တာကို အတတ်နိုင်ဆုံး မဖွင့်မိပါစေနဲ့။ အထဲက အအေးတွေထွက်ကုန်ပြီး မီးပျက်ချိန်ကြာမြင့်နေရင် အစားအသောက်တွေ ပျက်စီးသွားပါလိမ့်မယ်။

ရေဖြုန်းတီးတာ

မီးပျက်သွားချိန်မှာ ရေသန့်က အရေးကြီးဆုံးနဲ့အလိုအပ်ဆုံး အရာတွေထဲမှာပါလာပါပြီ။ ဒါကြောင့် မီးပျက်သွားတာနဲ့ ရေကို မလိုအပ်ပဲ မသုံးတာ အကောင်းဆုံးပါ။ အိမ်ထဲမှာ လူတစ်ယောက်အတွက် ရေ ၁ ဂါလန်လောက် အသင့်ရှိနေသင့်ပါတယ်။

မီးပြန်လာခဲ့ရင်လည်း ရေအပြည့်ပြန်ဖြည့်ထားဖို့လိုအပ်ပါတယ်။ မီးပျက်တဲ့အချိန်မှာ အသုံးပြုဖို့အတွက် ရေသန့်ကို သီးသန့်သိုလှောင်ထားနိုင်ရင်တော့ ပိုပြီးအဆင်ပြေပါတယ်။

Source: Bright Side