ဘဝမှာ နှစ်တွေအကြာကြီးခင်မင်လာတဲ့ စစ်မှန်တဲ့ Best Friend ရှိခြင်းကလည်း ဆုလာဘ်တစ်ခုပါပဲ။ ဒါကြောင့် တကယ်စစ်မှန်တဲ့ Best Friend တွေကို တန်ဖိုးထားသင့်ပါတယ်။ ကိုယ့်ရဲ့ Best Friend တွေအပေါ်မှာ ဒီလိုအရာတွေကို မပြုလုပ်မိအောင် သတိထားဆင်ခြင်ရပါမယ်။

လျှို့ဝှက်ချက်တွေပြန်မပြောပါနဲ့

ကိုယ့်ကိုယုံကြည်လို့၊ ခင်လို့ ပြောပြတဲ့ လျှို့ဝှက်ချက်တွေကို နောက်ကွယ်မှာ တခြားသူတွေကို ဖောက်သည်ချပြီး ပြန်ပြောပြနေတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ဒီအချက်က အရေးကြီးပါတယ်။ ကိုယ့် Best Friend အပေါ်မှာ စောင့်ထိန်းသင့်တဲ့ တာဝန်ပါပဲ။

မကဲ့ရဲ့ပါနဲ့

တခြားသူကဲ့ရဲ့တာမဟုတ်ပဲ ကိုယ့်ရဲ့ Best Friend က ကဲ့ရဲ့တာမျိုးဆိုရင် ပိုပြီးတော့ခံစားရပါတယ်။ ဒါကြောင့် ကိုယ့် သူငယ်ချင်းအရင်းကြီးတွေအပေါ် မလှတာ၊ မကောင်းတာရှိရင် သေချာပြောပြပါ။ အကြံပေးပါ။ သူတို့ရဲ့ အားနည်းချက်ကို ဟာသတစ်ခုလို အမြဲလှောင်ပြောင်နေတာမျိုး၊ ကဲ့ရဲ့နေတာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ Best Friend ဆိုရင် ပိုတောင်မလုပ်သင့်ပါဘူး။

သူ့ရည်းစား or Crush နဲ့ မပတ်သက်ပါနဲ့

အရေးအကြီးဆုံး နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ Best Friend အပေါ်မှာ သစ္စာရှိရပါမယ်။ သူ့ရဲ့ ရည်းစားပဲဖြစ်ဖြစ် သူ Crush နေတဲ့သူနဲ့ပဲဖြစ်ဖြစ် သူမသိအောင် ပတ်သက်တာမျိုး၊ စည်းကျော်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

ဒုက္ခရောက်တဲ့အချိန်မှာပစ်မထားပါနဲ့

တကယ်ခင်မင်ပြီးချစ်ကြတဲ့ Best Friend တွေဆိုရင် ပျော်စရာရှိရင် တူတူပျော်ပြီး ခံစားစရာရှိရင်လည်း တူတူမျှဝေခံစားပေးရမှာ၊ ကူညီပေးရမှာပါ။ အသာစီးရနေချိန်မှာသာ ကောင်းပေးနေပြီး ဒုက္ခရောက်တဲ့အချိန်မှာ ပစ်ထားမယ်ဆိုရင် Best Friend လို့ မခေါ်ထိုက်ပါဘူး။ ဒါကြောင့် Best Friend ဆိုရင် ကိုယ့်သူငယ်ချင်း ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီဖေးမပေးသင့်ပါတယ်။

မနာလိုစိတ်မထားပါနဲ့

ကိုယ့်သူငယ်ချင်းအပေါ်မှာ မနာလိုစိတ်တွေများလာရင် မေတ္တာပျက်လာပြီး ဆက်ဆံရေးက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းအပေးမှာ ဘယ်တော့မှ မနာလိုစိတ်မဖြစ်ပါစေနဲ့၊ မနာလိုစိတ်ရဲ့ နောက်ဆက်တွဲက Friendship တစ်ခုကို ဖျက်စီးပစ်နိုင်ပါတယ်။