စုံတွဲတွေမှာ မှားလေ့ရှိတဲ့အရာက ရန်ဖြစ်စိတ်ဆိုးကြရင် မပြုလုပ်သင့်တာတွေ၊ မပြောသင့်တာတွေကို လုပ်မိပြောမိတတ်ကြပါတယ်။ ခဏခဏဆိုရင် တကယ်လမ်းခွဲလိုက်ရတဲ့ အခြေအနေတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေအနေနဲ့ အလွယ်တကူ လမ်းမခွဲနိုင်ရင် ဒီအရာတွေကို မပြုလုပ်သင့်ပါဘူး။

လမ်းခွဲစကားခဏခဏမပြောပါနဲ့

အရေးအကြီးဆုံးကတော့ ခဏခဏလမ်းခွဲစကား မပြောဖို့ပါပဲ။ ရန်ဖြစ်တိုင်း စိတ်ဆိုးကြတိုင်းမှာ လမ်းခွဲစကားပြောနေရင် ပြောတဲ့သူကလည်း ကြာလာရင် အကျင့်ဖြစ်ပြီး အမြဲပြောနေမိမှာပါ။ အပြောခံရတဲ့သူအတွက်ကျတော့လည်း ခဏခဏဆိုတော့ တကယ်ငါနဲ့လမ်းခွဲချင်နေတာလား၊ ငါနဲ့လမ်းခွဲလည်း သူဘာမှဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေဝင်လာပြီး တကယ်အတည် လမ်းခွဲသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်လမ်းခွဲနိုင်တာ မဟုတ်ပဲနဲ့ ခဏခဏမပြောသင့်ပါဘူး။

မကြိုက်ဘူးပြောထားတာတွေခဏခဏမလုပ်ပါနဲ့

မကြိုက်ဘူးပြောထားတာတွေကို ခဏခဏလုပ်နေရင် ဘယ်သူမဆို စိတ်ပျက်မှာပါပဲ။ ဒီကိစ္စကြောင့်နဲ့ပဲ ခဏခဏ ရန်ဖြစ်စကားများကြပြီး ကြာလာရင် လမ်းခွဲရတော့ ဒီကိစ္စကြောင့်နဲ့ပဲ ဖြစ်နေပါလိမ့်မယ်။

မာနထားပြီးတစ်ကိုယ်ကောင်းဆန်တာမျိုးမလုပ်ပါနဲ့

Relationship တစ်ခုမှာ နှစ်ဖက်လုံးက မာနတွေထားပြီး ကိုယ့်အတွက်ကိုယ်ပဲ သိတာမျိုး၊ တစ်ကိုယ်ကောင်းဆန်တာမျိုးဆို ရေရှည်အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ဖက်ထဲက မာနတွေထားပြီး တစ်ကိုယ်ကောင်းဆန်နေရင် တစ်ဖက်လူကလည်း အစပိုင်းတော့ သည်းခံပြီး ညှိုယူတာတွေ ရှိမှာပါ။ ဒါပေမယ့် ကြာလာရင် သူလည်း စိတ်ပျက်လာပြီး လမ်းခွဲတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ခဏခဏလိမ်ညာတာမျိုးမလုပ်ပါနဲ့

စုံတွဲတွေမှာ အများဆုံးဖြစ်ကြတဲ့ ပြဿနာက လိမ်ညာတာတွေပါပဲ။ လိမ်ညာတာက တစ်ဖက်သူပြန်မသိရင် ဘာမှမဖြစ်ပေမယ့် ပြန်သိရင်တော့ ရန်ဖြစ်စကားများကြမှာပါပဲ။ အစပိုင်းတော့ စိတ်ဆိုးလိုက်ချော့လိုက်နဲ့ အဆင်ပြေနေပေမယ့် ကြာလာရင်တော့ ခဏခဏဆိုရင် လမ်းခွဲရတဲ့အဆင့်အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်ချစ်တယ် လမ်းမခွဲနိုင်ဘူးဆိုရင် လမ်းခွဲရတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်တဲ့ အရာတွေကို မလုပ်တာ အကောင်းဆုံးပါပဲ။