စိတ်ဖိစီးမှုတွေများရင်၊ စိတ်ညစ်စရာတွေ ရှိနေရင်လည်း ညဘက်တွေမှာ တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ဖုန်းကြည့်တာများရင်လည်း မျက်စိကြောင်ပြီး အိပ်မပျော်တာမျိုးတွေ ရှိသလို တခြားသာ အကြောင်းအရင်းတွေကြောင့်လည်း ညဘက်အိပ်မပျော်တာမျိုးတွေက ရှိတာပါပဲ။ ညဘက်အိပ်မပျော်တဲ့ရက်တွေက များလာတဲ့အခါမှာတော့ ဒီအရာတွေကို ပြောင်းလဲလုပ်ဆောင်ကြည့်သင့်ပါတယ်။

အိပ်ချိန်၊ ထချိန်ကို ပြောင်းပါ

ညဘက် ၉ နာရီခွဲ၊ ၁၀ နာရီလောက်ထဲက အိပ်ယာဝင်ပြီး ကြိုးစားအိပ်ကြည့်ပါ။ အိပ်မပျော်လည်း အိပ်ပါ။ မနက်ကျရင် ၆ နာရီ၊ ၇ နာရီလောက်ထပါ။ အဲ့လိုမျိုး အိပ်ချိန်၊ ထချိန်ကို ပြောင်းလဲပြီးသတ်မှတ်လိုက်မယ်ဆိုရင် အစပိုင်းတော့ အိပ်ပျော်မှာမဟုတ်ပေမယ့် နောက်ပိုင်းကျရင် တစ်ဖြေးဖြေး အိပ်ပျော်သွားရင်းနဲ့ အကျင့်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် ညဘက်အိပ်မပျော်တဲ့ရက်တွေ မရှိတော့ပဲနဲ့ စောစောအိပ် စောစောထတဲ့အကျင့်ပါ ရသွားပါလိမ့်မယ်။

အိပ်ခန်းကိုပြောင်းလဲကြည့်ပါ

ကိုယ့်အိပ်ခန်းက ရှုပ်ပွပြီးညစ်ပတ်နေလား ကြည့်ပါ။ အခန်းသန့်ရှင်းရေးလုပ်ပြီး နေရာအထားအသို ပြောင်းလဲလိုက်ပါ။ ခေါင်းအုံးစွပ်တွေ၊ အိပ်ယာခင်းတွေကို အသစ်ပြောင်းပါ။ အိပ်ယာကရှုပ်ပွပြီး ညစ်ပတ်နေရင်လည်း အနံ့နံတာ၊ ယားယံတာနဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်စေပါတယ်။ အခန်းထဲ အိပ်ပျော်စေမယ့် essential oil တွေထားတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

စားသောက်ချိန်ပြောင်းလဲပါ

ညဉ့်နက်မှ အစားအသောက်စားရင် အစာမကြေရင်ပြည့်ပြီး နေလို့ထိုင်လို့မကောင်း ဖြစ်စေတဲ့အတွက် တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် ညနေ ၆ နာရီ၊ ၇ နာရီ နောက်ပိုင်းမှာ ရင်ပြည့်စေမယ့်အစားအသောက်တွေ၊ အသားတွေမစားသင့်ပါဘူး။ ညနေဘက်ကစပြီး ကော်ဖီ၊ လက်ဖက်ရည်တွေသောက်တာကိုလည်း ရှောင်ရပါမယ်။

ည ၈ နာရီနောက်ပိုင်းမှာ ဖုန်းမသုံးပါနဲ့

တော်တော်များများက ညဘက်တွေမှာ ဖုန်းတွေသုံးတဲ့အတွက် ညဘက်တွေ တော်ရုံနဲ့မအိပ်တော့ပါဘူး။ ညဉ့်နက်တဲ့အထိ ဖုန်းသုံးတာတွေ များလာရင် အကျင့်ဖြစ်ပြီး ညဘက်ဆို တော်ရုံနဲ့အိပ်ပျော်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ည ၈ နာရီနောက်ပိုင်းမှာ ဖုန်းမသုံးပါနဲ့။

တခြားအရာတွေပြောင်းလုပ်ပါ

ည ၈ နာရီနောက်ပိုင်းမှာ ဖုန်းမသုံးတော့ဘူးဆိုရင် ပျင်းနေမှာပါပဲ။ ဒီတော့ ပျင်းနေတဲ့အချိန်မှာ အပျင်းပြေပြီး ညဘက်အိပ်ပျော်အောင်လည်း ကူညီပေးမယ့်အရာတွေကို ပြောင်းလုပ်ရပါမယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်တာ စတာတွေကို လုပ်လို့ရပါတယ်။