မနက်ခင်း အိပ်ရာနိုးထချိန်တွေဟာ နေ့သစ်တစ်ခု စတင်ချိန် ၊ ဘဝစာမျက်နှာသစ် ဖွင့်လှစ်လိုက်ချိန် ဖြစ်ပါတယ်။ မနေ့က ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့မှာ အားလုံးဟာ အသစ်က ပြန်စရတော့မယ်။ ဒါကြောင့် မနက်ခင်းတိုင်းဟာ ပိုမိုသစ်လွင်အဆင်ပြေပြီး အကောင်းဘက်ကို ပိုရောက်တဲ့ အတွေးနဲ့ စဖို့လိုပါတယ်။
အတွေးဆိုတာ သင့်ကိုယ်သင် ပြန်ပြောနေတဲ့ စကားတွေပါ။ သင့်ကိုယ်သင်ပြန်ပြောတဲ့ စကားလုံးတွေဟာ ခွန်အားဖြစ်ပြီး နိုးကြားထက်သန် စေတယ်ဆိုရင် သင့်ရဲ့ တစ်နေ့တာဟာ သန်မာပြီး တက်ကြွလန်းဆန်းတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ။ ဒါကြောင့် ပိုကောင်းတဲ့ နေ့တစ်နေ့ ဖြစ်လာဖို့ မနက်နိုးထလာချိန်မှာ ဒါလေးတွေ ပြောပေးဖို့ လိုပါတယ်။

(၁) ဒီနေ့က အံ့ဖွယ်ရာ

Photo: Shutterstock

တစ်နေ့ချင်းစီကို အံ့ဖွယ်ဆန်းပြားတယ်ဆိုတဲ့ အမြင်နဲ့ ကြည့်ရင် ကာလတိုလေးတိုင်းမှာ သင်ဟာ ပိုပြီး အလေးအနက်ထား စိတ်ဝင်တစား ဖြတ်သန်းသွားနိုင်ပါတယ်။ ဘာဖြစ်လာမှန်း မသိတဲ့ နေ့တစ်နေ့မှာ ထူးထွေဆန်းပြားလိုက်တာဆိုတဲ့ စိတ်အခံနဲ့ ရင်ဆိုင်သူဟာ ပိုပြီး မွေ့လျော်ပျော်ရွှင်စရာ ကြုံလာမှာပါ။

(၂) အောင်မြင်ပျော်ရွှင်အောင် နေမှာ

Photo: Shutterstock

ဒီနေ့ဟာ ငါ့နေ့ပဲ။ ဒီနေ့မှာ ငါဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်သုံးပြီး ဖြေရှင်းမယ်။ ဒီနေ့မှာ ငါ့ကိုယ်ငါ စိတ်ချမ်းသာအောင်လည်း ထားမယ်။ အများကြီး အားထည့်ကြိုးစားမယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုဂရုတစိုက်နဲ့ ပျော်အောင် ထားမယ်ဆိုရင် ဒီနေ့ဟာ လှပနေလိမ့်မယ်။

(၃) ဒီနေ့က နေ့သစ်ပါ

Photo: Shutterstock

ပြီးခဲ့တာတွေဆိုတာ ပြန်ခေါ်လို့ မရတော့ဘူး။ အားလုံးက ပျောက်ကွယ်လွင့်ပါးသွားပြီ။ ဒီနေ့ဟာ နေ့သစ်ဖြစ်လို့ ဖြစ်ချင်တာအကုန် ကိုယ့်စိတ်ရဲ့ အလိုအတိုင်း ဖြစ်အောင် လုပ်ခွင့်ရမယ်။ မှားခဲ့တာတွေကို ဒီနေ့မှာ မှန်အောင် တည့်မယ်။ ဖြောင့်ဖြောင့်တွေးပြီး ကောင်းကောင်းနေမယ်။

(၄) ဒီနေ့ကို ပိုကောင်းစေရမယ်

Photo: Shutterstock

မနေ့က လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူတယ်။ ဒီနေ့လုပ်ရမှာအတွက် စိတ်လှုပ်ရှားတယ်။ ဘာလို့လည်းဆိုရင် ဒီနေ့မှာ ပိုကောင်းတာတွေ လုပ်ပြမှာမို့ပဲ။ဒီလို စိတ်မျိုးနဲ့ နိုးထတဲ့ မနက်တိုင်းဟာ မင်္ဂလာရှိပါတယ်။ မနက်ခင်းကို မိတ်ဆက်ချိန်မှာ သင်ဟာ အသင့်ဖြစ်နေပြီး ရှေ့ကို ပျော်ပျော်ကြီး ခရီးဆက်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင့် သင်နဲ့ သင့်ရဲ့ အနာဂါတ်ဆီ မက်ဆေ့ချ် ပို့လိုက်တာပဲ ဖြစ်ပါတယ်။