တစ်ချို့လူတွေက စည်းဆိုတာကို သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိကြပါဘူး။ အလုပ်မှာလည်း စောင့်ထိန်းရမယ့် စည်းတွေရှိသလို၊ အိမ်မှာလည်း စောင့်ထိန်းရမယ့် စည်းစသဖြင့် နေရာတိုင်းလိုလိုမှာ သူ့စည်းနဲ့ သူရှိပါတယ်။

အလုပ်ခွင်မှာရှိတဲ့သူတိုင်းကို မိမိရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ သွားပြောဖို့ မသင့်သလို တဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို သွားပြီးမေးမြန်းဖို့ မသင့်တော်ပါဘူး။

မိမိလုပ်နေတဲ့ အချိန်ပိုင်းအလုပ်အကြောင်း

အချို့ကုမ္ပဏီတွေမှာ အလုပ်လုပ်တော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုရသလို လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် အချိန်ပိုင်းအလုပ်လုပ်ခြင်းဟာ ကုမ္ပဏီရဲ့ပေါ်လစီကို ချိုးဖောက်ရာ ရောက်ကောင်းရောက်နေနိုင်ပါတယ်။

ဒီအရာတွေနဲ့ ပတ်သက်ပြီး မကြာခဏ လုပ်ငန်းခွင်ထဲမှာပြောနေမယ်ဆိုရင် အလုပ်ရှင်က ပြန်ကြားပါက သင့်အတွက်ကောင်းတဲ့ ရလဒ်တစ်ခုမဖြစ်လာနိုင်ပါဘူး။

ဘာသာရေး

လုပ်ငန်းခွင်ထဲမှာ ဘာသာရေး၊ နိုင်ငံရေးအကြောင်းပြောခြင်းဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိမိဘယ်ဘာသာ ကိုးကွယ်နေတယ်၊ ဘယ်ဘာသာရေးက ဘယ်လိုတွေဖြစ်တယ်ဆိုတာကို လုပ်ငန်းခွင်မှာ မပြောတာအကောင်းဆုံးပါ။

လိုအပ်မှသာ လုပ်ငန်းခွင် မိတ်ဆွေတစ်ချို့ကို အသိပေးတဲ့အနေနဲ့ ပြောပြလိုက်ပါ။

ကိုယ့်ရဲ့မကောင်းတဲ့ သမိုင်းကြောင်း

ကုမ္ပဏီရဲ့ပေါ်လစီမှာ ပြီးခဲ့တဲ့အလုပ်က မိမိလုပ်ခဲ့မိတဲ့ အကျိုးဖျက်စီးမှုတွေအကြောင်း ပြောဖို့မတားမြစ်ထားဘူးဆိုရင်တော့ သင့်အနေနဲ့ အဆင်ပြေလောက်တဲ့ ပမာဏအထိ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်။

ဆိုရှယ်မီဒီယာ

ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတွေကို သတိထားပြီး ပရိုကျကျရှယ်နေသ၍တော့ သင့်ရဲ့ဘော့စ်အပါအဝင် အလုပ်ထဲကသူတွေနဲ့ပါ ဘာပြဿနာမှမရှိနိုင်ပါဘူး။

အလုပ်ထဲကသူတွေ သင့်ရဲ့အကောင့်မှာရှိနေတဲ့အတွက် စိတ်ကျဉ်းကျပ်တယ်လို့ ခံစားရရင်တော့ အင်စတာဂရမ် (Instagram)၊ တွစ်တာ (Twitter)၊ လိုင်း (Line) နဲ့ စနက်ချက်တ် (Snapchat) အစရှိတဲ့ အကောင့်တွေကို တစ်လှည့်စီ ပြောင်းအသုံးပြုပေးနိုင်ပါတယ်။

ဆရာဝန်ရက်ချိန်းနှင့် ကျန်းမာရေးပြဿနာများ

သင့်ရဲ့ကျန်းမာရေးပြဿနာအသေးစိတ်ကို သင်နဲ့အလုပ်အတူတွဲလုပ်တဲ့သူတိုင်း သိစရာမလိုပါဘူး။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ကိုထောက်ခံပေးပြီး Cover ပေးနိုင်မယ့် အလုပ်ထဲက တာဝန်ရှိသူတွေကိုသာ နားလည်အောင်ရှင်းပြထားပါ။ သင်နဲ့အလုပ်တွဲလုပ်နေတဲ့သူတိုင်းကို ပြောပြနေစရာမလိုပါဘူး။