လူတိုင်းဘဝမှာ စိတ်ဓာတ်ကျတဲ့အချိန်ဆိုတာ ရှိတာပါပဲ။ ကိုယ်တိုင်လည်း စိတ်ဓာတ်ကျတဲ့ အခြေအနေတွေ ရှိတတ်တာမို့ တခြားသူ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ကိုယ့်ကြောင့် သူတို့ရဲ့စိတ်အခြေအနေတွေ ပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ ကိုယ့်ဘက်ကနေ မပြုလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။

အပြစ်တင်ဝေဖန်ခြင်း

စိတ်ဓာတ်ကျနေတဲ့သူကို ဒီလောက်လေးနဲ့ ဘာလို့ဒီလိုဖြစ်နေတာလဲ၊ အပိုတွေလုပ်မနေနဲ့ စသဖြင့် အပြစ်တင်ဝေဖန်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ကိုယ်လုပ်လိုက်တဲ့အရာ ကိုယ်ပြောလိုက်တဲ့အရာကြောင့် တစ်ဖက်လူရဲ့ စိတ်အခြေအနေတွေ ပိုဆိုးသွားပါလိမ့်မယ်။

ဂရုမစိုက်ပဲပစ်ထားခြင်း

စိတ်ဓာတ်ကျနေတဲ့သူကို အတတ်နိုင်ဆုံး အားပေးတာ၊ ကူညီတာ၊ ဂရုစိုက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေက တစ်ယောက်ထဲနေချင်ကြတာဆိုပြီး ပစ်ထားလိုက်ရင် မကောင်းတဲ့အတွေးတွေဝင်ပြီး သူတို့ရဲ့စိတ်အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အားမပေးတတ်ဘူးဆိုပြီးလည်း ပစ်မထားပါနဲ့။ ကိုယ့်အားပေးမှုတွေ ဂရုစိုက်မှုတွေကြောင့် သူတို့ရဲ့စိတ်အခြေအနေ ပိုကောင်းလာစေမှာပါ။

တခြားသူနဲ့နှိုင်းယှဉ်ပြောဆိုခြင်း

စိတ်ဓာတ်ကျနေရာကနေ မခံချင်စိတ်ဖြစ်ပြီး ကြိုးစားချင်လာအောင် သူတို့နာအောင်ပြောမယ်၊ တခြားသူနဲ့နှိုင်းယှဉ်ပြောမယ်လို့ လုံးဝမတွေးပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။ စိတ်ဓာတ်ကျနေတဲ့သူကို တခြားသူ့ထက်သာနေတဲ့သူတွေနဲ့ လုံးဝနှိုင်းယှဉ်မပြောပါနဲ့။

အရှက်ရအောင်လုပ်ခြင်း

အရမ်းစိတ်ဓာတ်ကျနေတဲ့သူတွေက ဘဝကိုအရှုံးပေးချင်စိတ်တွေ ဖြစ်နေတတ်ပါတယ်။ ဒီအချိန်မှာ သူတို့အရှက်ရစေမယ့်အရာတွေကို လုံးဝမလုပ်မိဖို့ အရေးကြီးပါတယ်။

ပိုစိတ်ဓာတ်ကျအောင်တွန်းပို့ခြင်း

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ ပြောသမျှကို နားထောင်ပြီး အားပေးနှစ်သိမ့်ရမယ့်အစား ကိုယ်ကပါ သူတို့ပိုစိတ်ဓာတ်ကျအောင် တွန်းပို့တဲ့စကားတွေ၊ စိတ်ညစ်စေမယ့်စကားတွေကို မပြောပါနဲ့။ သူက negative အတွေးအမြင်တွေ ပြောနေရင်တောင်မှ ကိုယ်က အကောင်းဘက်ကနေ လှည့်တွေးဖို့ ပြောပြပေးပါ။