ရည်းစားဖြစ်ခါစမှာထဲက မလုပ်သင့်တာတွေလုပ်နေရင် Relationship တစ်ခုက လွယ်လွယ်နဲ့ ပျက်စီးသွားနိုင်ပါတယ်။ ရေရှည်အတွက် အဆင်မပြေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဆင်ခြင်လို့ရအောင် ရည်းစားဖြစ်ခါစမှာ မလုပ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။

မချုပ်ချယ်ပါနဲ့

ရည်းစားစဖြစ်ထဲက အရာရာကို လိုက်ချုပ်ချယ်ပြီး ပြောဆိုနေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ စစချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းလည်း သံယောဇဉ်မတွယ်သေးတဲ့အတွက် ကိုယ့်ပြောသမျှကိုလည်း လက်ခံမှာမဟုတ်ပါဘူး။ မသွားနဲ့၊ မလုပ်နဲ့ဆိုပြီး လိုက်ချုပ်ချယ်နေလည်း သူလုပ်ချင်တာဆို ခိုးလုပ်မှာပါပဲ။ နောက်ပိုင်းကျ ပြောရင်လည်း ချုပ်ချယ်ခံရမှာပဲဆိုပြီး မပြောတော့ပဲ အသိမပေးတော့ပဲ ခိုးလုပ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် စတွဲကတည်းက အရမ်းချုပ်ချယ်တာမျိုးတွေ မလုပ်ပါနဲ့။

အပေါင်းအသင်းကိစ္စတွေမပိတ်ပင်ပါနဲ့

 

ရည်းစားစဖြစ်ထဲက ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့မပေါင်းနဲ့ သူတို့နဲ့မသွားနဲ့ စသဖြင့် အပေါင်းအသင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပိတ်ပင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ်နဲ့မတွဲခင်ထဲက ခင်လာကြတဲ့သူတွေဆိုရင် ဘယ်လိုမှ ဖြတ်တောက်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘက်က Foul တာမျိုးပဲ ဖြစ်သွားပါလိမ့်မယ်။

မပြောင်းလဲခိုင်းပါနဲ့

ရည်းစားဖြစ်တာနဲ့ပဲ ကိုယ်လိုချင်တဲ့ပုံစံတွေ၊ ဖြစ်ချင်တဲ့ပုံစံတွေပြောပြီး ပြောင်းလဲခိုင်းတာမျိုး မလုပ်ပါနဲ့။ တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသလို မွန်းကြပ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ အတင်းလုပ်ယူတာထက် သူ့အလိုလိုပြောင်းလဲပေးလာတာတွေက ပိုကောင်းပါတယ်။

ဇာတ်လမ်းရှုပ်တာမျိုးမလုပ်ပါနဲ့

ရည်းစားဖြစ်ခါစဆိုရင် အရင်ကပတ်သက်ခဲ့တဲ့သူတွေနဲ့လည်း မပြီးပြတ်တာမျိုး၊ ရည်းစားရသွားတာကို ဖုံးကွယ်ထားပြီး နောက်ကွယ်မှာ Single လိုပဲနေပြီး အီစီကလီလုပ်တာမျိုးတွေကို မရပ်တန့်တာမျိုးတွေ စတဲ့ ဇာတ်လမ်းရှုပ်တဲ့အလုပ်တွေကို မလုပ်သင့်တော့ပါဘူး။ တစ်ဖက်လူကမပြောလည်း မသိလည်း ကိုယ်တိုင်စောင့်ထိန်းရမယ့် ကျင့်ဝတ်ဖြစ်ပါတယ်။