တနေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့အတွက် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အိပ်ရေးမဝတဲ့ညတွေ ကြုံတွေ့လာခဲ့ရင် ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲ။

တနေကုန်လုံး တက်ကြွလန်းဆန်းနေအောင် ဘယ်လိုဖန်တီးယူရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

နှိုးစက်ပေးထားတဲ့အခါ

နာရီနှိုးစက်အသံကြားတာနဲ့ ထပ်အိပ်ဖို့ မကြိုးစားတော့ဘဲ ချက်ချင်း နိုးထလိုက်ပါ။ နာရီ Alarm မြည်လိုက် ပြန်ပိတ်လိုက် ပြန်အိပ်လိုက် ပြုလုပ်ခြင်းက သင့်ကို ပိုမိုပင်ပန်းနွမ်းနယ်စေပါတယ်။

မြေကြီးပေါ် (သို့) မြက်ခင်းစိမ်းပေါ် ခြေဗလာဖြင့် လမ်းလျှောက်ပါ

ကမ္ဘာ့မြေမျက်နှာပြင်က အမဓာတ် ရှိပြီး ခြေဗလာဖြင့် လမ်းလျှောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်က အိုင်းယွန်းဓာတ်များ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ အလုပ်သွားခါနီးကျရင်တော့ ဖိနပ်ပြန်ဝတ်ဖို့ မမေ့နဲ့ပေါ့နော်။

ရေ တစ်ဖန်ခွက် သောက်သုံးပါ

အိပ်ရာနိုးနိုးချင်းမှာ ကော်ဖီ (သို့) လက်ဖက်ရည် ချက်ချင်းသောက်မယ့်အစား ရေတစ်ဖန်ခွက် သောက်သုံးခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး စွမ်းအင်ပြည့်ဝစေပါတယ်။

အိပ်ရာ သိမ်းပါ

သင် အလုပ်က ပြန်လာတာနဲ့ ရှုပ်ပွနေတဲ့ အိပ်ရာကို မြင်တဲ့အခါ စိတ်ပိုရှုပ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အိပ်ရာနိုးလာပြီဆိုတာနဲ့ ချက်ချင်းအိပ်ရာ သိမ်းလိုက်ပါ။ ဒါဆိုရင်တော့ သင့် မသိစိတ်က ကိုယ်လုပ်ရမယ့်လုပ်ငန်းဆောင်တာတစ်ခု ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်သွားပြီဆိုတာကို သိရှိသွားပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။

အကြောဆန့်ပါ

သင် အိပ်ပျော်နေစဉ်မှာ သင့်ရဲ့ခန္ဓကိုယ် ကြွက်သားများက အလုပ်မလုပ်ရတဲ့အတွက်ကြောင့် အနားရသွားပါတယ်။ ကြွက်သားများကို ပြန်လည်နှိုးဆွဖို့အတွက် ပေါ့ပါးသောလေ့ကျင့်ခန်းများ၊ အကြောလျော့လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းအားဖြင့် စွမ်းအင်ရယူလိုက်ပါ။

အိမ်တွင်းပတ်ဝန်းကျင် ရနံ့လေး သင်းပျံ့လာအောင် ပြုလုပ်ပါ

မွှေးရနံ့အချို့က သင့်ကို အိပ်ချင်ပြေစေပြီး လန်းဆန်းတက်ကြွလာအောင် ကူညီပေးနိုင်ပါတယ်။ ဘယ်လိုရနံ့မျိုးတွေလဲဆိုတော့ သံပုယိုသီး၊ သံပုရာသီးရနံ့၊ ပင်စိမ်းရွက်ရနံ့၊ Rosemary ရနံ့လေးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ လာဗန်ဒါရနံ့မျိုးကတော့ သင့်ရဲ့အိပ်ချင်စိတ်ကို ပိုမိုနှိုးဆွတဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

မျက်နှာကို ရေဖြင့် ပက်ဖြန်းလိုက်ပါ

စပရေးဘူးထဲသို့ ရေထည့်ပြီးနောက် မနက်အိပ်ရာထတဲ့အခါ ထိုစပရေးဘူးဖြင့် မျက်နှာကို ပက်ဖြန်းပေးလိုက်ခြင်းအားဖြင့် အိပ်ချင်စိတ်ကို ပြေလျော့စေပါတယ်။

ဇောက်ထိုးနေပါ

ခန္ဓာကိုယ်ကို ဇောက်ထိုးထားခြင်းက ပင်ပန်းနွမ်းနယ်မှုကို တိုက်ထုတ်ပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ လူတိုင်းက ဦးခေါင်းနဲ့ မတ်တပ်မရပ်နိုင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို ဆိုဖာ (သို့) နံရံဘေးနားမှာ လှဲလျောင်းထားပြီးနောက် ခြေထောက်ကိုတော့ နံရံ (သို့) ဆိုဖာကိုမှီပြီး ထောင်ထားလိုက်ပါ။

မနက်စာ မဖြစ်မနေစားပါ

မနက်စာ စားတဲ့အခါမှာလည်း သွားရေစာမုန့်များထက် အာဟာရပြည့်ဝစေမယ့် အစားအစာများကိုသာ မှီဝဲစားသုံးပါ။

ပေါင်မုန့်မီးကင်တဲ့အခါ အုန်းဆီအသုံးပြုပါ

အုန်းဆီက အခြားသော ပြည့်ဝဆီများထက်စာရင် ခန္ဓာကိုယ်ကို စွမ်းအင်အမြန် ဖြည့်တင်းပေးအောင် ကူညီပေးပါတယ်။

ကော်ဖီလျော့သောက်ပါ

ကော်ဖီထဲမှာ ပါဝင်တဲ့ ကာဖိန်းဓာတ် ပြယ်သွားတဲ့အခါ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်စေတာကြောင့် ကာဖိန်းဓာတ်ကို လျော့သောက်သင့်ပါတယ်။

Dark Chocolate စားပါ

ချောကလက်ထဲမှာပါဝင်တဲ့ Theobromine ဓာတ်က သင့်ရဲ့အာရုံကြောစနစ်ကို နှိုးဆွပေးပြီး သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးတာကြောင့် ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Source: Brightside.me