အားလုံးပဲ မင်္ဂလာပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျစေတဲ့အပြင် ကျန်းမာရေးလည်း ကောင်းစေတာမို့ လူတိုင်းရှိထားသင့်တဲ့ အလေ့အကျင့်တစ်ခုပါနော်။ လေ့ကျင့်ခန်းလုပ်တာ ရေရှည်အတွက် အကျင့်ဖြစ်ဖု့ိဆိုရင် စိတ်ရောကိုယ်ပါ ကြိုပြင်ဆင်ထားနိုင်ဖို့လည်း လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ပတ်လောက်လုပ်ပြီး ငြီးငွေ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်။ သင်က အခုမှလေ့ကျင့်ခန်းစလုပ်ဖို့ စဉ်းစားနေတဲ့သူဆိုရင် လေ့ကျင့်ခန်းလုပ်ချင်စိတ်ပိုရှိပြီး နည်းလမ်းမှန်ဖို့ လေ့ကျင့်ခန်း လုပ်ခါနီးမှာ ပြုလုပ်ပေးရမယ့် အရာတွေရှိပါတယ်။ ဒါတွေကိုသိဖို့ ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

သင့်ခန္ဓာကိုယ်နဲ့ ဆက်သွယ်ပါ


ဘယ်လိုလေ့ကျင့်ခန်းမဆို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသလောက်ပဲ လုပ်သင့်ပါတယ်နော်။ ဒါကြောင့် စမလုပ်ခင်ထဲက ခန္ဓာကိုယ်ရဲ့ အခြေအနေကို ဆန်းစစ်ပြီး လုပ်နိုင်တဲ့အချိန်ကို သတ်မှတ်ပေးထားတာ အကောင်းဆုံးပါပဲ။

သီချင်းမြူးမြူးလေး ဖွင့်လိုက်ပါ


သီချင်းတွေက လူရဲ့စိတ်ကို လွှမ်းမိုးနိုင်တာမို့ လေ့ကျင့်ခန်းမလုပ်ခင်ကတည်းက သီးချင်းမြူးမြူးလေးတွေ ဖွင့်ထားလိုက်တာက သင့်ကိုတက်ကြွပြီး အမောလည်းခံနိုင်စေမှာပါနော်။

အကြောလျှော့ပေးပါ


လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေဒဏ်မဖြစ်ဖို့ မလုပ်ခင် အကြောလျှော့ပေးဖို့ အရေးအကြီးဆုံးပါပဲ။ ဒါကြောင့်မို့ ငါးမိနစ်လောက် တစ်ကိုယ်လုံးစာ အကြောလျှော့လေ့ကျင့်ခန်းလေး အရင်လုပ်ပေးပါ။

Motivation တစ်ခုထားပါ


လေ့ကျင့်ခန်းစလုပ်ဖို့ အချိန်ဆွဲနေတာမျိုး မဖြစ်ရအောင် Motivation တစ်ခု ရှိထားသင့်ပါတယ်နော်။ ဥပမာ သင့်အနေနဲ့ တစ်ပတ်အတွင်း လိုချင်တဲ့ ကိုယ်အလေးချိန်ဆီရောက်ဖို့၊ မတော်တဲ့အင်္ကျီလေးတွေ ပြန်ဝတ်နိုင်ဖို့ စသဖြင့် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားထက်သန်စေမယ့် Motivation တစ်ခုအရင်တွေးထားတာက သင့်ကို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။

အချိန်အတိအကျသတ်မှတ်ပါ


မလိုအပ်ဘဲ အချိန်ကြာကြာလုပ်မိတာတွေ၊ အချိန်ဆွဲမိတာတွေမဖြစ်ရအောင် အရင်ဆုံး လေ့ကျင့်ခန်းလုပ်မယ့်အချိန်နဲ့ ကြာချိန်ကို သတ်မှတ်ပေးသင့်ပါတယ်နော်။ နှစ်နာရီထက်ပိုပြီး လေ့ကျင့်ခန်းလုပ်တာကို ရှောင်ပေးပါ။ သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုချင်တဲ့ Goal ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် လုပ်ရမယ့်အချိန်မတူနိုင်တာမို့ ကျွမ်းကျင်တဲ့ Gym Trainer တွေနဲ့ ဆွေးနွေးပေးနိုင်ရင် ပိုကောင်းပါတယ်။

ရေသောက်ထားပါ


လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေကုန်ခန်းသွားတတ်တာမို့ ရေသောက်ပေးဖို့ မမေ့ပါနဲ့နော်။ ရေဓာတ်ခန်းခြောက်နေတဲ့အခါ ကြွက်သားတွေက မခံနိုင်တာမို့ ကြွက်သားနာကျင်တာ၊ ခန္ဓာကိုယ်လေးလံပြီး အမောမခံတာမျိုး ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေချိန်နဲ့ လုပ်ပြီးတဲ့အချိန်မှာပါ ရေသောက်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar