လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ရှိတယ်ဆိုတာမှန်ပေမယ့် အချိန်နဲ့ ရာသီဥတု အခြေအနေအပေါ် လိုက်ပြီးတော့ ပြောင်းလဲလုပ်ဆောင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

အထူးသဖြင့် အခုလို ပူအိုက်တဲ့ နွေရာသီလို ကာလတွေမှာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်း လုပ်တဲ့အခါ အထူးသတိထားရမယ့် ဆောင်ရန်ရှောင်ရန်တွေ ရှိပါတယ်။

အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်ပြီး နွေရာသီမှာ တက်ကြွရွင်လန်းစွာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မနက်ပိုင်းနဲ့ ညနေခင်းတွေမှာသာ လေ့ကျင့်ခန်းလုပ်ပါ

နွေကာလရဲ့ တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်ဖို့ အသင့်တော်ဆုံးအချိန်က မနက်စောစောနဲ့ ညနေ နေစောင်းချိန် ဖြစ်ပါတယ်။ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီလောက်အထိက အပူချိန်အမြင့်ဆုံး ဖြစ်တာကြောင့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် အပူချိန်များတဲ့ အချိန်တွေကိုရှောင်ပြီး မနက်ခင်း အစောပိုင်းနဲ့ ညနေခင်းတွေမှာပဲ လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၂) ရေများများ သောက်ပါ

ပူပြင်းတဲ့ နွေရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ရေများများ သောက်ပေးဖို့ မဖြစ်မနေ လိုပါတယ်။ ရာသီဥတုရဲ့ အပူဒဏ်ကြောင့် ခန္ဓာကိုယ်က ပုံမှန်ထက် ချွေးပိုထွက်စေပြီး ရေဓာတ်အများအပြား ဆုံးရှုံးစေပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတာနဲ့အမျှ မောပန်းနွမ်းနယ်ခြင်း ၊ ခေါင်းမူးခြင်းတွေ ဖြစ်စေတာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းကနေ ဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို ပြန်ဖြည့်ဖို့ ရေများများ သောက်ပေးရမှာ ဖြစ်ပါတယ်။

(၃) အလွန်အကျွံ မလုပ်မိပါစေနဲ့

အထူးသဖြင့် နွေရာသီမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပြင်းပြင်းထန်ထန် ဆော့ကစားရတဲ့ ကစားနည်းတွေနဲ့ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်းကို အထူး ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို သိထားပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းအား ပေါ်မူတည်ကာ ပေါ့ပေါ့ပါးပါးရှိတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေကို ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။

ခန္ဓာကိုယ်က အချက်ပြလာမှုတွေကိုလည်း သတိထားသင့်ပြီး မောပန်းနွမ်းနယ်ခြင်း ၊ ကိုယ်လက်မအီမသာနဲ့ မူးဝေခြင်းတွေ ဖြစ်လာတဲ့အခါ ချက်ချင်းအနားယူပေးဖို့ လိုပါတယ်။

(၄) ပေါ့ပါးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ

သက်တောင့်သက်သာနဲ့ ပေါ့ပါးမှုရှိတဲ့ ခပ်ပွပွ အင်္ကျီနဲ့ ဘောင်းဘီတိုတွေက နွေရာသီမှာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ တင်းကျပ်တဲ့ အားကစားအင်္ကျီတွေထက် လေဝင်လေထွက်ကောင်းကောင်းနဲ့ အေးမြတဲ့ ချည်သား အင်္ကျီတွေ ဝတ်ဆင်ပြီး လေ့ကျင့်ခန်းလုပ်တာက ပိုပြီး သင့်တော်ပါတယ်။