တစ်နေကုန် စိတ်ကြည်ဖို့ဆိုရင် မနက်အိပ်ယာထတဲ့အချိန်မှာလည်း စိတ်ကြည်လင်နေဖို့ လိုပါတယ်။ ဒါ့အပြင် မနက်အိပ်ယာနိုးတာနဲ့ ဒီအရာတွေကို ဆင်ခြင်ဖို့လည်း လိုပါသေးတယ်။ ဒါမှသာ တစ်နေကုန် လန်းဆန်းနေမှာပါ။

အိပ်ယာနိုးတာနဲ့မထခြင်း

အိပ်ယာနိုးတာနဲ့မထပဲ အကြာကြီးနှပ်နေတာ၊ အိပ်ယာထဲလူးလှိမ့်နေတာတွေက ပိုပြီးပျင်းရိစေပါတယ်။ နုံးချိပြီး စိတ်ရောကိုယ်ပါ မအီမသာဖြစ်တာမျိုး ခံစားရတတ်ပါတယ်။ မနက်မိုးလင်းထဲက ဒီလိုဖြစ်နေပြီဆိုမှတော့ တစ်နေ့တာလုံး မလန်းဆန်းနိုင်တော့ပဲ ထိုင်းမှိုင်းနေမှာပေါ့။

အိပ်ယာထဲမှာဖုန်းသုံးနေခြင်း

အိပ်ယာကနိုးတာနဲ့မထပဲ အိပ်ယာထဲမှာပဲ ဆက်ပြီးဖုန်းသုံးနေတာမျိုးက ခေါင်းမကြည်ဖြစ်စေပါတယ်။ ကိုယ်ရောစိတ်ပါ ထိုင်းမှိုင်းစေပါတယ်။ ဒီအကျင့်က တော်တော်များများလုပ်တတ်ကြတာမို့ ဆင်ခြင်သင့်ပါတယ်။

မနက်စာမစားခြင်း

တစ်နေ့တာလုံးအတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။ မနက်စာမစားရင် ခေါင်းမူးတာ၊ ထိုင်းမှိုင်းတာမျိုးတွေ ဖြစ်စေတဲ့အပြင် ကြာလာရင် ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး စိတ်ကြည်လင်ပြီး Active ဖြစ်စေဖို့ မနက်စာကို အာဟာရမျှတအောင် သေချာစားသောက်ပါ။

စိတ်ညစ်စရာတွေတွေးနေခြင်း

မနက်အိပ်ယာနိုးထဲက စိတ်ညစ်စရာတွေ တွေးနေရင် တစ်နေကုန်ဘူနေပါလိမ့်မယ်။ စိတ်ရောကိုယ်ပါ မကြည်မလင်ဖြစ်ပြီး စိတ်ညစ်နွမ်းနေပါလိမ့်မယ်။ မနက်အိပ်ယာနိုးတာနဲ့ အပြုံးနဲ့နိုးထပြီး ကောင်းတာတွေပဲ များများတွေးပေးပါ။