လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပုံစံနဲ့ အကျင့်စရိုက်ကလည်း အရမ်းအရေးကြီးပါတယ်။ ကိုယ့် Image ကို ထိခိုက်စေမယ့်အရာမျိုး မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ရောက်တဲ့အခါမှာ ဆင်ခြင်သင့်တဲ့အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

Personal ကိစ္စတွေသယ်မလာပါနဲ့

လုပ်ငန်းခွင်ကို Personal ကိစ္စတွေသယ်လာပြီး ချစ်သူ၊ သူငယ်ချင်း၊ မိသားစုနဲ့ ရန်ဖြစ်စကားများနေတာမျိုး၊ ဖုန်းအကျယ်ကြီး အော်ပြောပြီး ဒေါသထွက်နေတာမျိုး၊ Personal ကိစ္စနဲ့ စိတ်ရှုပ်စရာရှိလာတိုင်း လုပ်ငန်းခွင်မှာပါ ပတ်ရမ်းနေတာမျိုး စတာတွေကို မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။

အလုပ်နောက်မကျပါနဲ့

တစ်ခါတစ်လေ နောက်ကျတာမျိုးမဟုတ်ပဲ ခဏခဏနောက်ကျနေတာမျိုးက မဖြစ်သင့်ပါဘူး။ အမြဲအလုပ်နောက်ကျတာက အလုပ်ကိုမလေးစာရာကျပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ အထက်လူကြီးဆီကလည်း ညိုငြင်ခံရပါလိမ့်မယ်။ ဒါကြောင့် အလုပ်နောက်မကျပါစေနဲ့။

ဖုန်းပဲသုံးမနေပါနဲ့

စိတ်ပြေလက်ပျောက် ခဏသုံးတာမျိုးမဟုတ်ပဲ တစ်ချိန်လုံးဖုန်းပဲသုံးနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ အလုပ်လည်းပျက်သလို အခန့်မသင့်ရင် သူများအပြောအဆိုလည်း ခံရတတ်ပါတယ်။

ဆင်ခြေမများပါနဲ့

အလုပ်ခိုင်းတိုင်း ကိုယ်မလုပ်နိုင်တာဆိုရင် ငြင်းနိုင်ပါတယ်။ ဒါပေမယ့် ဘာခိုင်းခိုင်း တစ်ချိန်လုံး ဆင်ခြေတွေပေးပြီး မလုပ်တာ၊ ရှောင်ဖယ်နေတာမျိုးကျတော့ မလုပ်သင့်ပါဘူး။ ကိုယ့်အတွက်လည်း မကောင်းပါဘူး။

အလုပ်အကြွေးမထားပါနဲ့

တစ်နေ့လုပ်ရမယ့်အလုပ်ကို ပြီးအောင်လုပ်ပါ။ အဲ့လိုမဟုတ်ပဲ နေ့ရွှေ့ညရွှေ့နဲ့ အလုပ်အကြွေးထားရင် အလုပ်တွေပိပြီး Stress များလာမယ်၊ အလုပ်လုပ်ချင်စိတ်တွေ ပျောက်လာမယ်၊ ပိုပျင်းလာပါမယ်။

ဖြစ်သလိုမနေပါနဲ့

လုပ်ငန်းခွင်မှာက အများနဲ့နေရတာ၊ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် ဖြစ်သလိုနေလို့မရပါဘူး။ ကြည့်လိုက်တိုင်း ကိုယ့်နေရာက အမြဲညစ်ပတ်ရှုပ်ပွနေတာမျိုးကို သူများအတွက်လည်း အမြင်မတော်သလို ကိုယ်တိုင်လည်း စိတ်ညစ်နွမ်းစေပါတယ်။