လူတွေ သင့်ကို မြင်တဲ့ အမြင်ကို ပြောင်းလဲဖို့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုက သင့်ရဲ့စတိုင်ကို ပြောင်းတာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ပုံစံပြောင်းလိုက်ခြင်းဟာ သင့်အပေါ် လူတွေရဲ့ အထင်အမြင်ပါ ပြောင်းလဲနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့်ပဲ ဖက်ရှင်နဲ့စတိုင်ဟာ အမြဲတမ်းဆန်းသစ်နေတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဟန်ရှိအောင် လုပ်ပါ

သင်ကိုယ်တိုင်က Brand တစ်ခုဖြစ်ဖို့ လိုပါတယ်။ သင့်ရဲ့ ပြောပုံဆိုပေါက် ၊ လေယူလေသိမ်းနဲ့ အသုံးအနှုန်း ၊ လမ်းလျှောက်လှုပ်ရှားသွားလာပုံ စတာတွေက သင့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။ စတိုင်ဆိုတာ သင့်ရဲ့ ထူးခြားမှုဖြစ်ပြီး သင့်ကို လူတွေ တွဲမှတ်မိစေတဲ့ အရာဖြစ်တယ်ဆိုတာ သိထားစေချင်ပါတယ်။ ဒါကြောင့် သင့်ကို လူတွေ မြင်စေချင်တဲ့ ဟန်ကို သင်ကိုယ်တိုင် တည်ဆောက်သင့်ပါတယ်။

ဖက်ရှင်ဂရုစိုက်ပါ

ဟန် လို့ပြောမယ်ဆိုရင် အဝတ်အစားကလည်း မပါမဖြစ်ပါ။ သင်ဝတ်တဲ့ အဝတ်အစားဟာ သင့်ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အရာဖြစ်ဖို့ လိုပါတယ်။ သင်က Elegrant ပုံစံ ဖြစ်ချင်တာလား ၊ လူငယ်ဆန်ဆန် တက်ကြွလှုပ်ရှားတဲ့ ပုံစံလိုချင်တာလား ၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ကွဲပြားမှုမျိုး နေချင်တာလား။ ဘာပဲဖြစ်ဖြစ် ဖက်ရှင်ကို လိုက်ဖက်အောင် ဆင်ပါ။

ဆံပင်ပုံစံကောင်းကောင်း ညှပ်ပါ

Stylish ဖြစ်ဖို့ဆိုရင် ဆံပင်ပုံစံကိုလည်း မေ့ထားလို့ မရပါဘူး။ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းနဲ့ ချိတ်ဆက်ပြီး ပုံကောင်းကောင်း ညှပ်ပါ။ ဆံပင်ဒီဇိုင်းဟာ သင့်ကို အများကြီး ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် စတိုင်ပိုကျချင်ရင် ဆံပင်ညှပ်ဖို့အတွက် ပိုက်ဆံအကုန်ခံဖို့ မနှမြောသင့်ပါဘူး။

ဖက်ရှင်ကစားတတ်ပါစေ

ဖက်ရှင်ဆိုတာ တစ်နှစ်ပြီးတစ်နှစ် တစ်ခေတ်ပြီးတစ်ခေတ် အမျိုးမျိုး ပြောင်းလဲနေတာမို့ အဟောင်းကိုလည်း မမေ့၊ အသစ်ကိုလည်း မလျော့ဘဲနဲ့ ရောစပ်ပြီးတော့ ဝတ်စားဆင်ယင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကို ဒီလိုပဲ ဝတ်ရမယ်လို့ ပုံသေ သတ်မှတ်တာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုမျိုးလေး ဖက်ရှင်ကစားပြီး ဝတ်လိုက်ရင် ပိုလှမလဲဆိုတာကို အမြဲတမ်း တွေးခေါ်နေတတ်ဖို့လည်း လိုအပ်ပါတယ်။